close

အိန္ဒိယက အရန်မတ်ပဲကို မြန်မာနိုင်ငံမှ ဝယ်ယူမည်

အိန္ဒိယအစိုးရက အရန်မတ်ပဲကို မြန်မာနိုင်ငံကနေ ဝယ်ယူဖို့ရှိနေတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနကနေ သိရပါတယ်။ 

လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံ အရန်မတ်ပဲက လက်ကျန် ခန့်မှန်း တန်ချိန် ၂ သောင်းလောက်သာရှိတော့တယ်လို့လည်း အဆိုပါဌာနက ဆိုပါတယ်။

နိုင်ငံတကာဈေးကွက်သတင်းတွေအရ အိန္ဒိယက အရန်ပဲအဖြစ် မြန်မာမတ်ပဲကို ဝယ်ယူမယ့်သတင်းကြောင့် ပါကစ္စတန်ရဲ့ မတ်ပဲ ပြည်တွင်းဈေးနှုန်းလည်းတက်လာနေပါတယ်။

မတ်ပဲစိုက်ပျိုးထုတ်လုပ်ပြီး အိန္ဒိယကို တင်ပို့နေတဲ့ ပါကစ္စတန်နိုင်ငံမှာလည်း အခုနှစ် မတ်ပဲစိုက်ပျိုးထွက်ရှိမှု ကျဆင်းနေတယ်လို့ ဆိုပါတယ်။   လတ်တလောမှာ မြန်မာမတ်ပဲကို ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကောင်းနေပြီး၊ နေ့စဉ် တရိပ်ရိပ် စျေး မြင့်တက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ကျပ် ၁၄ သိန်းခွဲသာရှိခဲ့တဲ့ မြန်မာ့မတ်ပဲ ပေါက်စျေးဟာ လတ်တလောမှာ ကျပ် ၁၇ သိန်းဝန်းကျင်ထိ မြင့်တက်လာတာပါ။  

အိန္ဒိယအစိုးရက မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းအပါအဝင် သူ့နိုင်ငံထွက် မိုးသီးနှံတွေရဲ့ အနိမ့်ဆုံးနှုန်းထားကို တိုးပေးကြောင်း ဇွန်လထဲမှာ ကြေညာခဲ့ပြီးနောက် မတ်ပဲဈေး ဆက်တိုက်မြင့်တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက မတ်ပဲအဓိကဝယ်ယူတင်သွင်းနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အခုနှစ် မိုးသီးနှံစိုက်ပျိုးမှုကလည်း စိုက်ပျိုးဧရိယာနဲ့ အထွက်နှုန်းကျဆင်းနေပြီး တောင်သူတွေက ဝါနဲ့ပဲပုတ်ကိုပိုမိုစိုက်ပျိုးလာကြပြီး စပါးနှင့် ပဲမျိုးစုံစိုက်ပျိုးမှုကျဆင်းနေတယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေအရ သိရပါတယ်။

ပဲလိုအပ်ချက်များပြားနေပေမဲ့လည်း အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ ဈေးနှုန်းထိန်းညှိဖို့ မူဝါဒတစုံတရာ​ထုတ်ပြန်လာနိုင်တာကို သတိပြုဖို့လိုတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနက အကြံပြုပါတယ်။

//
Up