close

မယ်ဆိုင်တွင် တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား အယောက် ၇၀ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနဲ့ တရုတ်အပါအဝင် နိုင်ငံခြားသား စုစုပေါင်းအယောက်  ၇၀ ဖမ်းဆီးခံရတယ်လို့  Maesaipress သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းစစ်တပ်၊ နယ်မြေခံရဲ ၊ လဝကရဲနဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ  ဇူလိုင် ၆ ရက် မနက်စောစောက နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်စဉ် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းအုပ်စုရှိ ဖာမီကျေးရွာဘက်မှာ တရားမဝင် ဝင်ရောက်သူပေါင်း ၁၄ ဦးနဲ့ မယ်ဆိုင်မြို့ မယ်ဆိုင်ချောင်းကမ်းနဘေး ဆိုင်လုမ်းကျွိုင်းရပ်ကွက်ထဲရှိ အိမ်တစ်လုံးမှာ ခေတ္တနားခိုနေတဲ့ တရားမဝင် ဝင်ရောက်သူ  ၅၆ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ 

ဖာမီကျေးရွာဘက်မှာ အဖမ်းခံရတဲ့ ၁၄ ယောက်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ပွဲစားက သူတို့ကို တာချီလိတ်မြို့နယ် ဆမ်ပီကျေးရွာဘက်ကနေတဆင့် ဖာမီတောင်ပေါ်ကိုခြေလျင်ခရီးနဲ့ ခေါ်ဆောင်လာကြောင်း ၊ ချင်းမိုင်နဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ကနေ ၂၅၀၀၀ ထိ ပေးရတယ်လို့ ဆိုပါတယ်။ 

နောက်တဖွဲ့ကတော့ မယ်ဆိုင်မြို့နယ် မယ်ဆိုင်ချောင်းဘေးနဲ့ ကပ်လျက် ဆိုင်လုမ်းကျွိုင်းရပ်ကွက်ရှိ အိမ်တစ်အိမ်ကို သတင်းအရဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ အပေါ်ထပ်ဟောခန်းကြီးထဲမှာ စုပြုံ နေတဲ့ တရားမဝင် ဝင်ရောက်သူ စုစုပေါင်း ၅၆ ယောက်ကို တွေ့ရှိတာလို့ ဆိုပါတယ်။ 

အဲဒီထဲမှာ အမျိုးသား ၂၈ ယောက် ၊ အမျိုးသမီးအယောက် ၂၀ နဲ့ ကလေး ရှစ်ယောက် ပါဝင်ပြီး ရှမ်း၊ မြန်မာ၊ မြန်မာပြည်ဖွားတရုတ်လူမျိုးနဲ့  တရုတ်နိုင်ငံသား အမျိုးသား တယောက်၊  ထိုင်းနိုင်ငံသား တောင်ပေါ်တိုင်းရင်းသူ အမျိုးသမီး တယောက်တို့ပါဝင်ပါတယ်။ 

သူတို့ကတော့ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ ဘန်ကောက်ကို သွားဖို့ ပွဲစားကို တယောက်လျှင် ဘတ် ၂၆၀၀၀ ပေးပြီးဝင်လာကြောင်း ၊ တာချီလိတ်ဘက်ခြမ်း ထာ့ဝကူးတို့ဆိပ်ကနေ  မယ်ဆိုင်ချောင်း ကို ကူးဖြတ်လာတာလို့ ဆိုပါတယ်။ 

သူတို့တည်းခိုတဲ့ အိမ်အောက်ထပ်မှာ ရပ်ထားတဲ့ ကား တစီး နဲ့ ဆိုင်ကယ် နှစ်စီးကိုလည်း တာဝန်ရှိသူက သိမ်းဆည်းထားပြီး နောက်ထပ်ကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

//
Up