close

ဘန်ကောက်တွင် ကျင်းပမည့် မန်ယူ-လီဗာပူး ပွဲစဉ်တွင် စီရော်နယ်ဒို မပါဝင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် မန်ယူနဲ့ လီဗာပူး ချစ်ကြည်ရေး ဘောလုံးပွဲစဉ်မှာ နာမည်ကျော် ဘောလုံးစတား ကစားသမားတယောက်ဖြစ်တဲ့ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

သူဟာ ခုသီတင်းပတ်မှာ မန်ယူအသင်းရဲ့ ကယ်ရင်တန် လေ့ကျင့်ရေးကွင်းဆီ ပြန်မရောက်နိုင်တော့တာဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လို့ သိရပေမယ့် အကြောင်းရင်းအသေးစိတ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

သတင်းရင်းမြစ်တွေကတော့ ရော်နယ်ဒိုဟာ အသင်းတွင်း အပြောင်းအရွှေ့ဆိုင်ရာ အငြင်းပွားမှုတွေနဲ့အတူ ခုလာမယ့် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ထွက်ခွာတော့မယ်ဆိုပြီးတော့လည်း ထင်ကြေးပေးနေကြပါတယ်။

အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ရာသီကြိုနယ်လှည့်ပွဲစဉ်တွေဖြစ်တဲ့ ထိုင်းနဲ့ ဩစတေးလျ ခရီးစဉ်တွေမှာ ပါဝင်သွားမလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ ခုသီတင်းပတ်ထဲ အသင်းရဲ့ လေ့ကျင့်မှုတွေမှာ ပျက်ကွက်နေခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ဆက်တိုက်ပျက်ကွက်မှုဟာ မိသားစုကိစ္စဆိုတာထက် မန်ယူအသင်းမှာ မသေချာတဲ့ သူ့ရဲ့ အနာဂတ်နဲ့အတူ အိုးထရက်ဖို့ဒ်ကနေ ခုအပြောင်းအရွှေ့ရာသီမှာ ရှင်းရှင်းလင်းလင်း ထွက်ခွာချင်နေတာကြောင့် ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

မန်ယူတိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာပြီး ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေဆီ ပြောင်းရွှေ့ချင်နေပြီး ချယ်လ်ဆီးကလပ်ကလည်း စိတ်ဝင်စားမှုရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

လတ်တလောမှာတော့ The Match: Bangkok Century Cup လို့ အမည်ပေးထားတဲ့ မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို လာမယ့် ဇူလိုင် ၁၂ ရက်ည ၈ နာရီမှာ ဘန်ကောက်မြို့က ရာဇမင်္ဂလာကွင်းမှာကျင်းပသွားမှာ ဖြစ်ကာ ဒီပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ အနည်းဆုံးဘတ် ၅၀၀၀ ကနေ အများဆုံးဘတ် ၂၅၀၀၀ ထိ အသီးသီး သတ်မှတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

//
Up