လှိုင်သာယာတွင် လူငယ် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဇူလိုင် ၇ ရက် ညနေပိုင်းက လူငယ်လေးယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် အမှတ် ၁၆ ရပ်ကွက်က စားသောက်ဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နောက်ထပ် လူငယ်နှစ်ယောက်ကိုတော့ နေအိမ်တလုံးမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဦးပုညလမ်းထဲက စားသောက်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်နှစ်ဦးကို စဖမ်းတာ။ ကားပေါ်ကနေဆင်းလာပြီး ဘာမပြောညာမပြောနဲ့ ရိုက်နှက်ပြီး မျက်နှာအဝတ်တွေနဲ့အုပ်ပြီး ဖမ်းသွားတယ်။ နောက်နှစ်ယောက်က မူဆယ်လမ်းထဲက အိမ်တအိမ်မှာ အဖမ်းခံရတာ။ ဘာလို့ဖမ်းတာလဲတော့ ကျနော်လည်းမသိဘူး” လို့ ပြောပါတယ်။
လူငယ်လေးယောက်ဟာ ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ ဒေသခံလူငယ်လေးတွေ မဟုတ်ဘဲ စစ်ကောင်စီက ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း သူက ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ ဇွန် ၂၂ နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က သေနတ်ဒင်နဲ့ ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ပါသေးတယ်။