close

မဟာအောင်မြေမြို့နယ်တွင် အမျိုးသား ၁ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၆ လမ်း၊ ၄၁ လမ်းနဲ့ လမ်း ၄၀ ကြားရှိ အ.ထ.က ခွဲ (၈) ကျောင်းရှေ့မှာ ဇူလိုင် ၈ ရက် ဒီမနက် ၆ နာရီလောက်က အမျိုးသားတယောက် မှောက်လျက်အနေအထားနဲ့ သေဆုံးနေပြီး လည်ပင်းမှာ သွေးသောက်တံဆိပ်ပါ စာတန်း ချိတ်ဆွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ​ရဲ့လည်ပင်းမှာ “ထခွဲ ၈ မှ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား ကျောင်းသူများ ကျောင်းဆက်လက်တက်ပါက သုတ်သင်ရှင်းလင်းသွားမည်” ဆိုတဲ့ သွေးသောက်တံဆိပ်ပါ စာတန်း ချိတ်ဆွဲထားပြီး သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ်ရှိ  ထခွဲ ၈ ကျောင်းကလို့ ဒေသခံတယောက်က ပြောပါတယ်။

​မန္တလေးဒေသခံတယောက်က “ဘယ်သူ့လက်ချက်ဆိုတာ အဖြေက ရှင်းပါတယ်။ သွေးသောက်အဖွဲ့ဆိုတာ အမည်ခံပဲရှိတာ။ မန္တလေးမှာ လူတွေကို လာဖမ်းရင် ကားတွေနဲ့ စစ်တပ်ကပဲ လာဖမ်းသွားတာ။ နောက်နေ့ အလောင်းပြန်တွေ့ရင် သွေးသောက်အဖွဲ့ဆိုတဲ့ စာတန်းနဲ့ အသတ်ခံထားရတာ၊ စစ်တပ်က ဒီလိုလုပ်ရပ်တွေကို လုပ်နေကြပဲ။ မန္တလေးက UG တွေ၊ PDF တွေက ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်နေပါတယ်ဆိုပြီး လုပ်ဇာတ်ခင်းနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားမှာ အင်္ကျီအဖြူရောင်လက်တိုနဲ့ ဘောင်းဘီအမည်းရောင် အတိုကို ဝတ်ဆင်ထားပြီး ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရသေးသလို မည်သူမည်ဝါဖြစ်တယ် ဆိုတာလည်း မသိရသေးပါဘူး။

သွေးသောက် အဖွဲ့ဟာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းမှာ လူသတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ သွေးသောက်လူသတ်အဖွဲ့ဟာ သူတို့ဖွဲ့ပေးထားတဲ့အဖွဲ့ မဟုတ်ဘူးလို့ ပြောထားပေမဲ့   ဒီအဖွဲ့ရဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး  စုံစမ်းအရေးယူတာတွေလည်း မရှိပါဘူး။

//
Up