close

စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၂၀၇၀ ကျော်လာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၇၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၅၁၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၄၅၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၂၂၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မအူပင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မမျိုးသန္တာကျော် (ခ) အသေးလေးကို ဖျာပုံအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ ဇူလိုင် ၅ ရက်မှာ ထောင် ဒဏ် ၅ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မမျိုးသန္တာကျော် (ခ) အသေးလေးဟာ မအူပင်တက္ကသိုလ်က သင်္ချာအထူးပြု တတိယနှစ်ကျောင်းသူတယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင် ၇ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနဲ့ မင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက် စီးနင်းခဲ့ပြီး မီးရှို့ခဲ့တာကြောင့် မပြေးနိုင်တဲ့ မွေ့တုံကျေးရွာမှ အသက် ၈၀ အရွယ် ဦးတင်ဖေနဲ့ မင်းကျေးရွာမှ အသက် ၇၀ အရွယ် ဦးကျော်ဟန်တို့ဟာ မီးလောင်သေဆုံးခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

//
Up