ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရှားဒူးရွာက နေအိမ် ၁၀၀ နီးပါး ဆုံးရှုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာ ၂ ရွာကို ဇူလိုင် ၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှားဒူးကျေးရွာ ဒေသခံတယောက်က “စစ်(...)တွေက မနေ့က ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ဆိပ်ဖြူမြို့နယ် ဆိုက်ခမ်းရွာကို ကား ၄ စီး၊ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ပခုက္ကူမြို့နယ် စိုင်ဖြူရွာဘက်ကို အင်အား ၄၀ လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးကာ ဘုန်းကြီးကျောင်းမှာ ညအိပ်စခန်းချကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ စိုင်ဖြူရွာနဲ့ တမိုင်လောက်ပဲကွာတဲ့ ရှားဒူးရွာကို ဒီနေ့ ဇူလိုင် ၈ ရက် မနက် ၈ နာရီလောက်မှာ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၁၈၇ အိမ်ရှိတဲ့အနက် ၉၈ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အဲဒီဒေသခံက “ဒါ့အပြင် အဲဒီစစ်(...)တွေဟာ နောက်ကြောင်းပြန်လှည့်ပြီး အိမ်ခြေ ၁၃၅ လုံးလောက်ရှိတဲ့ စိုင်ဖြူကျေးရွာကို နေ့လယ် ၁၂ နာရီလောက်မှာ မီးရှို့ဖျက်ဆီးနေကြတယ်ဗျ။ နေအိမ် ၈ လုံးလောက်တော့ မီးထဲပါသွားပြီ။ သူတို့ မီးရှို့နေတုန်းဆိုတော့ အိမ်ခြေဘယ်လောက် လောင်နေပြီဆိုတာ အတည်ပြုလို့ မရသေဘူး။ အဝေးကနေ မီးကျည်လိုဟာမျိုးနဲ့ လှမ်းထုပြီး မီးရှို့နေကြတာ၊ တဝက်လောက်တော့ ပြန်ဆုတ်သွားကြပြီ” လို့ ပြောပါတယ်။
ရွာဘက်မှာ ဘာတိုက်ပွဲမှမဖြစ်ဘဲ တမင်သက်သက် ဝင်ရှို့သွားတာဖြစ်ပြီ သူတို့စစ်ကြောင်း ဝင်လာတယ်လို့ သတင်းရကတည်းက ကျေးရွာ ၂ ရွာလုံးက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး တောထဲတွေမှာ ဖြစ်သလို နေနေကြရတာလို့ ဆိုပါတယ်။
“နေအိမ်တွေ မီးလောင်နေတာကို အဝေးကပဲ မီးခိုးလုံးတွေ၊ မီးတောက်တွေ လှမ်းမြင်နေရတယ်။ ဘာမှလည်း လုပ်လို့မရတော့ ငြိမ်ခံနေရတာ။ မီးလည်း ဘယ်သူမှ သွားမငြှိမ်းရဲကြဘူး။ ကျနော်တို့မှာ နေအိမ်တလုံးဖြစ်ဖို့ သူများနိုင်ငံမှာ ၁၀ နှစ်လောက် ကျွန်ခံပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ” လို့ ရှားဒူးကျေးရွာ ဒေသခံက ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။