ဂျပန်တွင် နွေရာသီအပူချိန်မြင့်တက်လာသဖြင့် ပြည်သူများ မီတာခ အကုန်အကျများလာ

ဂျပန်နိုင်ငံမှာ အခုနှစ်နွေရာသီကာလ ပြင်းထန်တဲ့အပူလှိုင်းကြောင့် အပူချိန် မြင့်တက်လာတဲ့အတွက် သာမန်ပြည်သူတွေဟာ မီတာခ စရိတ်ပိုကုန်ကျလို့ အခက်ကြုံနေကြ ပါတယ်။
ဂျပန်နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီက တစ်လကြာခန့်မှန်းချက်ကို ထုတ်ပြန် ကြေညာခဲ့ရာမှာ အပူချိန်ဟာ အရင်နှစ်တွေထက် အများကြီး မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ ဇွန်လအတွင်း ပုံမှန်မဟုတ်တဲ့ အပူလှိုင်းဒဏ်ကို ခံစားခဲ့ရပြီး နိုင်ငံရဲ့နေရာတချို့မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့ပါတယ်။ အပူဒဏ်ကြောင့် လူပေါင်း ၁၆၀၀၀ နီးပါးကို ဆေးရုံ ပို့ဆောင်ပေးခဲ့ရပါတယ်။
ရာသီဥတုပူပြင်းမှုကြောင့် ဂျပန်နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲခဲ့ရကာ ဩဂုတ်လအတွက်ပေးရမယ့် လျှပ်စစ်ဓာတ်အားခတွေကို ၃ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာကြောင့် အိမ်သုံး လျှပ်စစ်ဓာတ်အားခ မြင့်မားလာမှုနဲ့ ရင်ဆိုင်နေရပါတယ်။
တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ ပျမ်းမျှအိမ်ထောင်စုတွေအတွက် မီတာဘီလ်တွေဟာ ဇူလိုင်လမှစပြီး ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာနိုင်တာပါ။
ဂျပန်နိုင်ငံဟာ ရုပ်ကြွင်းလောင်စာ ထောက်ပံ့မှု မတည်မငြိမ် အခြေအနေနဲ့ စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာကို စတင်ကိုင်တွယ်နေချိန်ဖြစ်ပြီး ကာလတို ဈေးနှုန်းအတက်အကျကို လျှော့ချဖို့အတွက် နိုင်ငံဟာတင်သွင်းကုန် စက်သုံးဆီ ၈၀ ရာခိုင်နှုန်း လောက်ကို ရေရှည်သိုလှောင်ဖို့ ကြိုးပမ်းနေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
အစိုးရဟာ စားသုံးသူတွေအပေါ် သက်ရောက်တဲ့ ဈေးနှုန်းတိုးမြင့်မှုကို ထေမိဖို့ ကြိုးစားနေတာ လို့လည်း ဆိုပါတယ်။
အပူချိန် စံချိန်တင် မြင့်မားလာတာကြောင့် ဓာတ်အား ပြတ်တောက်မှု မဖြစ်စေဖို့ သုံးလကြာ လျှပ်စစ်ထိန်းသိမ်းမှု ကာလကို ဇူလိုင် ၁ ရက်မှစတင်ပြီး စောင့်ကြည့်ပေးဖို့ ဂျပန်အစိုးရဟာ ၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေကို တောင်းဆိုခဲ့ပါတယ်။