close

ဂျပန်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုဟု သြစတြေးလျကာကွယ်ရေးဝန်ကြီးပြော

သြစတြေးလျနဲ့ ဂျပန်တို့ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် အာရှမှာ ရှုပ်ထွေးတဲ့ လုံခြုံရေးအခြေအနေတွေအပြင် ငွေကြေးဖောင်းပွမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတွေကိုလည်း ရင်ဆိုင်နေရတာကြောင့် နှစ်နိုင်ငံ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုလားကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်ဒ်မားလ်စက ဇွန် ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

လက်ရှိရာထူးတာဝန်ချိန်မှာ ပထမဆုံး တရားဝင်လာရောက်တဲ့ မားလ်စ်ရဲ့ တိုကျိုခရီးစဉ်မှာ သူ့ကို ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီနဲ့အတူ တက်ရောက်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာရှမှာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ စစ်အင်အားနဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန် ဟန်ချက်ထိန်းညှိမှု အနေနဲ့ ဂျပန်-ဩစတြေးလျ မဟာမိတ်တွေဟာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပါတယ်။

ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ယူကရိန်းကို ကျူးကျော်စစ်ဟာ တရုတ်ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို အင်အားသုံးဖို့ တွန်းအားဖြစ်စေမှာ စိုးရိမ်နေရတာကြောင့် ဂျပန်-ဩစတြေးလျ မဟာမိတ်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပါတယ်။

ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ဟာ ပိုမိုနက်ရှိုင်းပြီး ပိုမိုခေတ်မီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ဖို့ ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့တဲ့ အပြန်အလှန် ပံ့ပိုးကူညီမှုဆိုင်ရာ သဘောတူညီချက်ကို အသုံးပြုသွားမှာဖြစ်ပြီး သူတို့ရဲ့စစ်တပ်တွေအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းမှာဖြစ်ကြောင်း မားလ်စ်က ပြောပါတယ်။

//
Up