ရုရှားလက်နက်ကြီး အန္တရာယ်ကြား ရိတ်သိမ်းနေရသည့် ယူကရိန်းလယ်သမားများ

ရုရှားတပ်ဖွဲ့တွေဟာ ဒွန်နက်စ်ခ်ဒေသကို ပစ်ခတ်မှုတွေ ဆက်လုပ်နေတာကြောင့် ယူကရိန်းအရှေ့ပိုင်းရှိ များစွာသော လယ်သမားတွေအတွက် လယ်ကွင်းတွေဟာ စစ်မြေပြင် ဖြစ်လာနေပါတယ်။
အသက် ၅၂ နှစ်အရွယ် လယ်သမား အိုလက်ခ်ဆန်ဒါဟာ ဘာ့ခ်မုထ်နယ်မြေအနီး ဗူဟိစ်ခ်မြို့ရဲ့ ရှေ့တန်းဧရိယာတလျှောက်မှာ ရှိနေတဲ့ စိုက်ခင်းတွေမှာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက သူကြဲခဲ့တဲ့ ဂျုံတွေကို ရုရှားလက်နက်ကြီးတွေရဲ့ အန္တရာယ်ကြားကပဲ ပြန်ရိတ်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်က ဒုံးကျည်ထိမှန်ခဲ့တဲ့ ဗူဟိရ်စ်ခ် အပူလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ သူ့ဂျုံစိုက်ခင်း အနောက်ဘက်မှာရှိပြီး ခုထိ မီးခိုးတွေ ထွက်နေဆဲပါ။
အခုလအစောပိုင်းက ဒွန်ဘက်စ်ဒေသရှိ လူဟန့်စ်ခ်မြို့ကို သိမ်းပိုက်ခဲ့တဲ့ ရုရှားတပ်ဖွဲ့တွေဟာ အိမ်နီးချင်း ဒွန်နက်စ်ခ်ပြည်နယ်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မော်စကိုဟာ စစ်ပွဲမစခင်ကတည်းက ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်ဘက်စ်ဒေသကို အပြည့်အဝထိန်းချုပ်ဖို့ ရည်ရွယ်ထားတာပါ။
တူရကီက လက်ခံကျင်းပပေးတဲ့ နည်းလမ်း ၄ သွယ် ဆွေးနွေးပွဲမှာ ရုရှား ပိတ်ဆို့ထားတဲ့ ဂျုံတင်ပို့မှု ပြန်လည်စတင်ဖို့ သဘောတူညီချက်ဟာ နီးကပ်လာပြီလို့ ယူကရိန်းက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ အဓိက ကမ္ဘာလုံးဆိုင်ရာ ဂျုံရောင်းချသူတွေ ဖြစ်ပါတယ်။
ရုရှားဟာ ဓာတ်မြေသြဇာတင်ပို့တဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး ယူကရိန်းကတော့ ပြောင်းနဲ့နေကြာဆီ အကြီးအကျယ်ထုတ်လုပ်သူ ဖြစ်ပါတယ်။