အယုဒ္ဓယတွင် သက်ငယ်မုဒိမ်းဝရမ်းပြေးအား ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

ထိုင်းနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ဖြားယောင်း မုဒိမ်းကျင့်ခဲ့သူတဦးကို ရဲတွေက အကြိမ်ပေါင်း ၂၀ လောက် အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အသက် ၃၉ နှစ်ရွယ် နိုင်းဆာထစ် ပထုမ်းဆွတ် ဆိုသူမှာ လွန်ခဲ့တဲ့လပိုင်းက ဆုဖန်းပူးရီးခရိုင် အူထောင်းန်မြို့နယ် ဆရယိုင်းဆုမ်ရပ်ကွက်ရှိ အသက် ၁၅ နှစ်အောက် မိန်းကလေးငယ်တဦးအား သွေးဆောင်ဖြားယောင်းအဓမ္မကျင့်မှုကြောင့် ပြစ်မှု ၂ ခုနဲ့ တရားစွဲခံထားရပြီး ထွက်ပြေးလွတ်မြောက်နေတာပါ။
ဇူလိုင် ၁၃ ရက် ည ၈ နာရီခွဲလောက်မှာတော့ သူဟာ အနက်ရောင်ဆလွန်းကားသစ်နဲ့ အယုဒ္ဓယခရိုင် လတ်ဘိုးလုံမြို့နယ်ထဲက အဝေးပြေးလမ်းဘေးတနေရာ ဓာတ်ဆီဆိုင်မှာ ဝင်နားနေစဉ် မရှေးမနှောင်းမှာ ရဲကား ၂ စီးရောက်လာပြီး အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
တရားခံဟာ ကားရှေ့ခန်းမှာပဲရှိနေစဉ် ရဲတွေက ကားတံခါးကို သွားဖွင့်ကြောင်း၊ သူက ကားမှန်ချပြီး သေနတ်နဲ့ အရင်စပစ်လို့ ရဲတွေကလည်း ပြန်ပစ်တော့ သေနတ်သံတွေ ဆူညံနေကြောင်း၊ ဓာတ်ဆီဆိုင်ဝန်ထမ်းတွေရော အနားကလူတွေပါ အကုန်ထွက်ပြေးကြတယ်လို့ ဓာတ်ဆီဆိုင်ဝန် ထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပြီးတော့ တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရာမှာ အဆိုပါအနီးနားတဝိုက်မှာ ကျည်ခွံ ၃၀ လောက်တွေ့ပြီး တရားခံရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ကျည်ထိအရာ အချက် ၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
အဝေးပြေးလမ်းမကြီးပေါ် မောင်းနှင်လာတဲ့ အဖြူရောင်အသစ်စက်စက်ကားတစီးလည်း ကျည်ဆန်မှန်သွားပါတယ်။
ကျည်ထိမှန်တဲ့ ကားဟာ သူတို့ဘာသာ ပုံမှန်ဖြတ်မောင်းလာစဉ် ကားဘော်ဒီကို သေနတ်လာမှန်တော့ ဓားပြတိုက်ခံရမလားလို့ ထင်မိကြောင်း၊ ဒါကြောင့် ဆက်မောင်းလာရင်း ရဲစခန်းကို ဖုန်းဆက်ရာမှာ ရဲစခန်းက သူတို့ကို ဓာတ်ဆီဆိုင်မှာရှိနေတဲ့ ရဲတွေနဲ့သွားရှင်းဖို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။
သူတို့လည်း ကားကို နောက်ပြန်လှည့်ပြီး ဓာတ်ဆီဆိုင်ပြန်လာမှ အဖြစ်မှန်ကို သိရကြောင်း၊ ရဲတွေအနေနဲ့ တာဝန်ထမ်းဆောင်တာမှန်ပေမယ့် မဆိုင်တဲ့ပြည်သူတွေ ထိခိုက်တာတော့ မဖြစ်သင့်ကြောင်း၊ ကားပေါ်ပါလာသူတွေဟာ ကံကောင်းလို့ ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် အထိတ်တလန့်ဖြစ်ပြီး ဥစ္စာပစ္စည်းလည်း ပျက်စီးရတယ်လို့ ပြောပါတယ်။
သေဆုံးသူရဲ့ မိခင်လည်း အခင်းဖြစ်တဲ့နေရာရောက်ရှိလာပြီး သူ့သားဟာ အပြစ်ရှိသူဖြစ်ပေမယ့် အခုလို ကျည်အချက်ပေါင်းများစွာနဲ့ အသေပစ်ခတ်ဖမ်းဆီးတာတော့ တရားလွန်တယ်လို့ ပြောသွားပါတယ်။
ကိုးကား - nationtv.tv