close

မြဝတီမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်  ကစောဝါးလေးစခန်းအနီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတွေထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့  ကရင်လက်နက်ကိုင်တပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်တွေ စစ်ကြောင်းလှုပ်ရှားလာချိန် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး  ဇူလိုင် ၁ ၄ ရက် ဒီနေ့မနက်မှာတော့ ကရင်ပူးပေါင်းတပ်တွေက တိုက်ပွဲဖြစ်ရာနေရာကို သွားရောက်ရှင်းလင်းချိန်မှာ   ၆၀ မမ တစ်လက်၊ ကျည် ၈ လုံး၊ RPG ကျည် ၈ လုံး၊ ယမ်းတောင့် ၈ ခုနဲ့   MA ကျည်ဆန်တွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က အရာရှိတယောက် သေဆုံးတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်မှာ ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေသလို ကော့ကရိတ်မြို့ တောင်ဘက်မှာလည်း  KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားနေပါတယ်။

ဇူလိုင် ၁၂ ရက်ကလည်း မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေ ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး  စစ်‌ကောင်စီတပ်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့အပါအဝင် အရာရှိနဲ့ တပ်သားအများအပြားသေဆုံး ဒဏ်ရာရခဲ့ကာ လက်နက်တွေ အများအပြား သိမ်းဆီးရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

//
Up