သေနတ်သမားအား တားဆီးပစ်ခတ်နိုင်ခဲ့သည့် အယ်လစ်ရှာ ဒစ်ကင်ကို ဂရင်းဝုဒ်ရဲချုပ် ချီးကျူး

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဂရင်းဝုဒ်မြို့ရှိ ကုန်တိုက်တခုမှာ လူသုံးဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားအား အရပ်သားတယောက်က အသေပစ်ခတ်ပြီး တားဆီးနိုင်လိုက်တဲ့ အပေါ်ရဲတပ်ဖွဲ့က ဂုဏ်ပြုချီးကျူးလိုက်ပါတယ်။
ရှော့ပင်းမောလ်မှာ ဇူလိုင် ၁၇ ရက်ညက သူ့ချစ်သူနဲ့အတူရှိနေပြီး သေနတ်သမားကို တားဆီးနိုင်သူ အယ်လစ်ရှာဒစ်ကင်ကို သူ့ရဲ့သတ္တိနဲ့ အရည်အချင်းကြောင့် နောက်ထပ် သွေးထွက်သံယိုမှုကို တားဆီးနိုင်ခဲ့တဲ့ သူရဲကောင်းတဦးအဖြစ် ဂရင်းဝုဒ်ရဲချုပ် ဂျင်မ် အိုင်ဆန်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အင်ဒီယာနာပိုလစ်မြို့အနီးရှိ ကုန်တိုက်တခုမှာ လူသုံးဦးအား သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို အသေပစ်ခတ်ပြီး တားဆီးနိုင်လိုက်တဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ လမ်းသွားလမ်းလာ တယောက်ဖြစ်တဲ့ ဒစ်ကင်စာ သူရဲကောင်းဆန်ဆန် ပြုမူခြင်း မရှိခဲ့ပါက လူအများအပြား အသက်ဆုံးရှုံးဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်က အင်ဒီယားနားပြည်နယ် ဂရင်းဝုဒ်မြို့ရှိ ဂရင်းဝုဒ်ပန်းခြံ ဈေးဝယ်မောလ်က စားသောက်ဆိုင်တန်းမှာ ရိုင်ဖယ်သေနတ် တစ်လက်နဲ့ သံသယရှိသူကို အဲဒီအချိန်က တရားဝင် သေနတ်ကိုင်ဆောင်ထားတဲ့ အသက် ၂၂ နှစ်အရွယ် အယ်လစ်ရှာ ဒစ်ကင်က ညှိနှိုင်းပြောဆိုသေးကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒစ်ကင်ဟာ သံသယရှိသူကို စကားလှမ်းပြော ညှိနှိုင်းလိုက်ပြီး သူ့အနားကို တိုးသွားခဲ့ကြောင်းနဲ့ အနီးနားက တခြားသူတွေကိုလည်း သူ့နောက်ကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြောင်း ဒစ်ကင် ရဲ့ လှုပ်ရှားမှုကို ဂရင်းဝုဒ်ရဲချုပ် ဂျင်မ် အိုင်ဆန်က ပြောပြပါတယ်။
အဲဒီပစ်ခတ်မှုမှာ သံသယရှိသူက ပစ်ခတ်ရာကနေ သေဆုံးချိန်အထိ ၂ မိနစ်သာ ကြာမြင့်ခဲ့ကြောင်း၊ နောက်ပိုင်းမှာ ဒစ်ကင်ဟာ သူ့ကိုယ်သူ ကုန်တိုက် လုံခြုံရေးဝန်ထမ်းတွေဆီ လွှဲပြောင်းပေးပြီး ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အိုင်ဆန်က ပြောပါတယ်။
ဒစ်ကင်ဟာ အစပိုင်းမှာ ရဲဌာနကို မခေါ်ဆောင်သွားခင် လက်ထိပ်ခတ် ခံခဲ့ရကာ သေနတ်လည်း သိမ်းဆည်းခံရပြီး ရဲဌာနမှာ သူ့ကို ဗွီဒီယိုရုပ်သံနဲ့ စစ်ဆေးခဲ့ကြောင်း ဆိုပါတယ်။
သေနတ်သမားဟာ အစောပိုင်းမှာ ကုန်တိုက်သန့်စင်ခန်းမှာ တနာရီကျော်လောက် တိုက်ခိုက်မှု အတွက် ပြင်ဆင်နေပုံရပြီး အိတ်ထဲမှာ တစစီဖြုတ်ယူလာခဲ့တဲ့ လူသတ်လက်နက်ကို တပ်ဆင်နေပုံ ရကြောင်း ရဲချုပ်က ပြောပါတယ်။
သေနတ်သမားမှာ တဦးတည်းနေထိုင်တဲ့ ဒေသခံ အသက် ၂၀ နှစ်အရွယ် ဂျိုနသန် ဒေါက်ဂလပ်စ် ဆပီယာမန်း ဖြစ်ပြီး သူဟာ မေလက ဂိုဒေါင်အလုပ်မှ နုတ်ထွက်ခဲ့ပြီး မကြာသေးမီကမှ အိမ်က နှင်ထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သံသယရှိသူမှာ ရိုင်ဖယ်သေနတ် ၂ လက်နဲ့ လက်ကိုင်သေနတ်တို့နဲ့အတူ ကျည်မျိုးစုံ အတောင့် ၁၀၀ ကျော်ပါရှိခဲ့ပြီး ရိုင်ဖယ်တလက်ကနေ ၂၄ ချက်လောက် ပစ်ခတ်ခဲ့ကြောင်း ရဲချုပ်က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် လူသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
အခုအခါမှာ ဒစ်ကင်လည်း သေနတ်အခွင့်အရေး လှုပ်ရှားသူများအတွက် ထင်ရှားကျော်ကြားသူ ချက်ချင်း ဖြစ်လာခဲ့ပါတယ်။