နိုင်ဂျီးရီးယားတွင် ခရီးသည်တင်ရထား ဖောက်ခွဲခံရပြီး ၇ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းက ခါဒူနာမြို့မှာ ရထားတစီး ဖောက်ခွဲခံရပြီး သေနတ်နဲ့ ပစ်ခတ်တာ ခံခဲ့ရလို့ လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး လူအတော်များများ ပျောက်ဆုံးနေတယ်လို့ ရိုက်တာသတင်းဌာနက မတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။
မြို့တော် အဘူဂျာကနေ ခါဒူနာမြို့ဆီ ဦးတည်ခုတ်မောင်းနေတဲ့ ခရီးသည်တင်ရထားကို ဓားပြတွေက မတ် ၂၈ ရက် ညက တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရအပြီး နိုင်ဂျီးရီးယား ရထားကော်ပိုရေးရှင်းက အဘူဂျာ - ခါဒူနာ ရထားလမ်းကို ရထားပြေးဆွဲမှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။
သေနတ်သမားတွေက ရထားကို ပစ်ခတ်ချိန်မှာ ရထားလုပ်သား ၂ ဦးနဲ့ လုံခြုံရေးအဖွဲ့ဝင် ၅ ဦး အသတ်ခံရတယ်လို့ ခရီးသည်တယောက်နဲ့ လုံခြုံရေးတယောက်က ပြောပါတယ်။
အရင်ရက်အနည်းငယ်က ခါဒူနာမြို့ထဲက လေဆိပ်ကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ အခုတိုက်ခိုက်မှုတွေကို ဘယ်အုပ်စုကမှ သူတို့လက်ချက်အဖြစ် အခိုင်အမာ တာဝန်မခံသေးပါဘူး။
သေနတ်သမားတွေဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ ကြီးစိုးခဲ့ကြပြီး ကျောင်းသူကျောင်းသားတွေနဲ့ ရွာသားတွေ ရာနဲ့ချီ ပြန်ပေးဆွဲခဲ့သလို လူဒါဇင်ချီကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
အာဖရိကရဲ့ လူဦးရေအများဆုံးနိုင်ငံမှာ မလုံခြုံတာတွေ ပိုဆိုးနေတာကို ထင်ရှားစေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။