close

စစ်တပ်စစ်ကြောင်းထိုးလာသဖြင့် သရက်သာရွာပြည်သူ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် သရက်သာကျေးရွာမှာ ဇူလိုင် ၂၀ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာကာ ကျေးရွာအတွင်း တပ်စွဲထားတာကြောင့် ပြည်သူ ၅၀၀ ကျော် ‌ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သရက်သာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ နှစ်ဖွဲ့ခွဲကာ တပ်စွဲထားပြီး ကျေးရွာပြည်သူ ၆၀ ခန့်ကိုလည်း  ဘုန်းကြီးကျောင်းတွင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့ စစ်ကြောင်းဝင်လာတော့ ရွာက အကုန်ပြေးရတယ်။ မပြေးနိုင်သူနဲ့ ကျန်ခဲ့တဲ့သူ ၆၀ လောက်ကိုလည်း ဘုန်းကြီးကျောင်းမှာ မတရားဖမ်းဆီးထားတယ်လို့ သိထားရပါတယ်ဗျ။ နေ့လယ်ပိုင်းကလည်း သရက်သာရွာဘက်မရောက်ခင် သူတို့ (စစ်ကောင်စီတပ်ဖွဲ့ ) တွေ လမ်းမှာ တိုက်ခိုက်ခံရလို့ သေတယ် သိရတယ်” လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

သရက်သာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ဖို့ အသင့်အနေထားရှိခဲ့ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေနဲ့ အတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ထိခိုက်နိုင်တဲ့ အခြေနေရှိတာကြောင့် အစီစဉ်ဖျက်ခဲ့ရတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ ဇူလိုင် ၁၉ ရက်နေ့က မြောင်မြို့နယ် မြစ်ဆုံကျေးရွာအနီးရှိ တလုပ် PDF စခန်းကို စီးနင်းမီးရှို့ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

//
Up