အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘောဆောင်ရွက်မှု အန္တရာယ်ရှိဟု တရုတ် ထုတ်ပြန်

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှုဟာ နျူကလီးယားပြန့်ပွားမှုအန္တရာယ် ဆိုးရွားစေကြောင်း တရုတ်ပညာရေး အဖွဲ့အစည်းတရပ်က သုတေသန အစီရင်ခံစာတစောင်ကို ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း တင်းမာမှုတွေ တိုးမြင့်လာပြီး နျူကလီးယားပြန့်ပွားမှု အန္တရာယ်ကို ဆိုးရွားစေတယ်၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ပြီး အပြည်ပြည်ဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး ကြိုးပမ်းမှုများကို ပျက်ပြားစေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
"A Dangerous Conspiracy၊ The Nuclear-Proliferation Risk of the Nuclear-powered Submarines Collaboration in the Context of AUKUS" ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံ လက်နက် ထိန်းချုပ်ရေးနဲ့ လက်နက်ဖျက်သိမ်းရေးအသင်း၊ တရုတ်မြို့တော် ဘေဂျင်း အခြေစိုက် တရုတ်နျူကလီးယား လုပ်ငန်းဗျူဟာအဖွဲ့တို့က ပူးပေါင်းထုတ်ဝေခဲ့တာပါ။
AUKUS နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသန အစီရင်ခံစာကို တရုတ်ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတရပ်က ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အခန်းရှစ်ခန်း နဲ့ စကားလုံး ၁၂,၀၀၀ ပါတဲ့ အစီရင်ခံစာဟာ နိုင်ငံသုံးနိုင်ငံကြား နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာမယ့် ပြင်းထန်တဲ့ အန္တရာယ်တွေကို အသေးစိတ် အချက်အလက်တွေ၊ ဥပမာတွေနဲ့ ခွဲခြမ်းစိတ်ဖြာထားပါတယ်။
“နျူကလီးယားရေငုပ်သင်္ဘောများဆိုင်ရာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ကြား ပူးပေါင်းဆောင်ရွက်ဟာ အလွန်အန္တရာယ်များတဲ့ စံနမူနာတခုပါ။ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူ စာချုပ်ရဲ့ ရည်ရွယ်ချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ စည်းမျဉ်းကို တိုက်ရိုက် ချိုးဖောက်တယ်၊ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမြောက် တည်ငြိမ်မှုကို ပျက်ပြားစေတယ်” လို့ တရုတ်နျူကလီးယား စက်မှုလုပ်ငန်း မဟာဗျူဟာရဲ့ ဥက္ကဋ္ဌ ဖန်းချိလုံက ပြောခဲ့ပါတယ်။
နျူလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်ပါ ဆယ်ကြိမ်မြောက် ပြန်လည်သုံးသပ်ခြင်းညီလာခံကို နယူးယောက်မြို့မှာ သြဂုတ်လထဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။ “အဲဒီညီလာခံမှာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုစာချုပ်ရဲ့ ဆိုးကျိုးအများကြီးကို အလေးအနက် သုံးသပ်သင့်တယ်၊ သုံးနိုင်ငံဟာ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းရပ်သင့်ပြီး နိုင်ငံတကာ ဥပဒေအောက်မှာ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် ထမ်းဆောင်သင့်တယ်” လို့ အစီရင်ခံစာက တင်ပြထားပါတယ်။