close

ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်များ အစားအစာနှင့် ဆေးဝါး အကူအညီလိုအပ်နေ

ကေအန်ယူ- တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလုံလောက်မှုမရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေဟာ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ စစ်ကောင်စီတပ်တွေရဲ့ နှောင့်ယှက်တားဆီးတာ၊ ပိတ်ပင်ဖမ်းဆီးတာတွေကြောင့် စစ်ဘေးရှောင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက” စစ်ဘေးရှောင်တွေဟာ မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် စစ်ကောင်စီရဲ့ နှောင့်ယှက်ပိတ်ပင်မှုတွေကြောင့် အစားအသောက်လုံလောက်မှုမရှိတာ၊ ဆေးဝါးလုံလောက်မှုမရှိတာ လက်ရှိကြုံတွေနေရတယ်။ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်ပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် မုန်းမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံပြည်သူ ၁၆၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက စတင်ပြီး လူထုတွေကို နှိပ်စက်တာတွေကြောင့် ကေအန်ယူအနေနဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ရာမှာ  မြေပြင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်း ပစ်ခတ်တာတွေကြောင့် လူထုတွေထွက်ပြေးတိမ်းရှောင်နေရတာလို့  ကေအန်ယူ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ကေအန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုစောသမိန်ထွန်းက”သူတို့(စစ်ကောင်စီ)လူတွေ စခန်းတွေက လူထုကိုနှိပ်စက်တယ်။ စစ်ဖြစ်ပြီးဆိုရင် အဲဒီပုံစံပဲလေ။ ပြဿနာအစကို ပြန်ကြည့်လိုက်ရင် သူတို့ဘက်ကပဲ စတာ”လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက် မနက် ၇ နာရီကျော်လောက်က ကညင်ကျိုးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ထိုးဝါးစိုက်ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်တွေရဲ့  နေအိမ်တွေအတွင်းက ဆန် ၊ ကြက် ၊ ၀က်၊ နွားတွေကို ခိုးယူသွားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၇ နာရီလောက်က ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ ၊ တောကြောင်ပေါက်ရွာကို  စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ဒေသခံကျေးရွာသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက ဖမ်းဆီးခံ ပြည်သူ ၃၀ ကို လူသားဒိုင်းအနေနဲ့အသုံးပြုပြီး ကေအန်ယူ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီက စစ်ကြောင်းတွေ ထပ်တိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

//
Up