မြဝတီမြို့အနီး BGF ကင်းစခန်း ၁ ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ BGF နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းတစ်ခုကို အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ပစ်ခတ်တိုက်ခိုက် သိမ်းပိုက်သွားတယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
BGF တပ်ဖွဲ့ဝင် ၇ ယောက်လောက်ရှိတဲ့ တုံးတံတား (ခ) ပွင့်လင်းအေးမြိုင်စခန်းလို့ လူသိများတဲ့ ကင်းစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က အင်အား ၄၀ လောက်နဲ့ ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ပစ်ခတ်မှုမှာ BGF တပ်သား တယောက် ပွဲချင်းပြီးသေဆုံး၊ ၂ ယောက် အရှင်ဖမ်းဖိကာ၊ ၄ ယောက်ကတော့ BGF တပ်ဖွဲ့သို့ ပြန်လည်ထွက်ပြေးသွားတယ်လို့ သတင်းထွက်နေပြီး ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ထံကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။
BGF တပ်ဖွဲ့က စစ်ကူတွေကတော့ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရသလို စစ်ကောင်စီ လက်နက်ကြီးတပ်ဖွဲ့ကလည် ဒီနေ့ည ၈ နာရီလောက်အထိ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။