စွယ်စုံသုံး ကောက်ရိတ်စက်များ ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းဒေသ ၂ ခုသို့ ပေးပို့

ရုရှားဟာ ခရိုင်းမီးယားဒေသမှ စွယ်စုံသုံး သီးနှံရိတ်စက်တွေကို ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း ဒေသ နှစ်ခုဆီ ပေးပို့လိုက်ကြောင်း ရုရှား-ခန့်အပ်တဲ့-ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးက ပြောကြားခဲ့ပါတယ်။
ဇာပိုရဇ်ဟီယာ နဲ့ ခါရ်ဆွန်း ဒေသတွေမှာ ရိတ်သိမ်းချိန်အတွင်း လယ်ယာသုံး စက်ယန္တရားတွေ ပြတ်လပ်သွားတာကို ကာမိစေဖို့ ပေးပို့လိုက်တာဖြစ်ကြောင်း ခရိုင်းမီးယားမြောက်ပိုင်း လိုဘာနော့ဗ်ကျေးရွာက အမည်မဖော်လိုသူ ရုရှားဩဇာခံ ဇာပိုရဇ်ဟီယာဒေသ အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အရင်က ရှိခဲ့တဲ့ ပစ္စည်းကိရိယာတွေက ပျက်သွားတာမျိုး၊ အရင်ပိုင်ရှင်တွေက နယ်မြေပြင်ပကို ယူသွားတာမျိုးတွေကြောင့် ကောက်ရိတ်စက်တွေကို လိုအပ်နေတာ ဖြစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ဇာပိုရဇ်ဟီယာရှိ အလုပ်အကိုင် စီမံခန့်ခွဲရေး အကြီးအကဲ အက်ဗ်ဂျဲနီ ဘာလစ်စကီက ဒီ စွယ်စုံသုံး ကောက်ရိတ်စက်တွေဟာ ရုရှား စိုက်ပျိုးရေးဝန်ကြီးဌာနက ပံ့ပိုးပေးထားကြောင်း လူမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။
ရိတ်သိမ်းချိန်အတွင်း ဒီဒေသမှာ နောက်ထပ် လယ်ယာသုံးစက် ၇၅ စီး ထပ်ရရှိသင့်ကြောင်း သူက ဆိုပါတယ်။
ယူကရိန်းကတော့ ကမ္ဘာ့အကြီးဆုံး ဂျုံတင်ပို့သူ ရုရှားဟာ သူ့စစ်တပ်က သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေထဲက ကောက်နှံစပါးတွေကို ခိုးယူနေကြောင်း စွပ်စွဲထားပြီး မော်စကိုကတော့ ဒါကိုငြင်းဆန်ထားပါတယ်။