close

တမူးမြို့နယ် ယာတဲတခုတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်၊ မြိုသစ်မြို့၊ လှည်းဆိပ်ရွာမှာနေထိုင်တဲ့ အမျိုးသားတယောက်ကို ယာတဲထဲမှာ ဇူလိုင် ၂၅ ရက်ည ၉ နာရီခွဲလောက် အမည်မသိလက်နက်ကိုင်တစုက ပစ်သတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုအဲထွန်းဟာ  လှည်းဆိပ်ရွာရဲ့ မြောက်ဘက် ၇ ဖာလုံလောက် အကွာမှာရှိတဲ့ ယာတဲထဲမှာ TV  သတင်းကြည့်နေစဉ် ပစ်သတ်ခံရတာ ဖြစ်ပါတယ်။ 

ဒေသခံတဦးက "သူ့ဝမ်းဗိုက်ကို ပစ်သွားတာ။ ကြည့်ရတာ တူမီးနဲ့ ပစ်သွားပုံရတယ်။ ဘာကြောင့် အသတ်ခံရတာလည်းမသိဘူး။ ဒီနယ်တဝိုက်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ သွားလာနေတဲ့  နေရာဖြစ်တယ်" လို့ ပြောပါတယ်။

ကိုအဲထွန်းပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပစ်ခတ်သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ပြောဆိုကြပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး  ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ဦးထက် မနည်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၂၀ နီးပါးရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။

//
Up