close

အကြမ်းဖက်စစ်ကောင်စီကို နည်းပေါင်းစုံဖြင့် ထိရောက်ပြင်းထန်စွာ တုံ့ပြန်မည်ဟု NUG ကြေညာ

နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ  ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းတွေအရ ဘယ်နည်းနဲ့မှ  လက်သင့်ခံနိုင်ဖွယ်မရှိတဲ့ လုပ်ရပ်ဖြစ်ကာ  ဒီကိစ္စမှာ တာဝန်ရှိသူ တစ်ဦးတစ်ယောက် မကျန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ တရားဥပဒေနဲ့အညီ အပြစ်ပေးအရေးယူခံရစေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်ဆောင်ရွက်မှု လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ ၊ အန်အယ်လ်ဒီ အမတ်ဟောင်း ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင်နဲ့  ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်လိုက်ပြီး  ကျန်ရစ်တဲ့ ရုပ်ကလာပ်တွေကို စစ်ကောင်စီက မိသားစုထံ မပေးခဲ့တဲ့ အပေါ်မှာ NUG အစိုးရက ဇူလိုင် ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

အကျဉ်းထောင်အတွင်း တရားမဲ့သတ်ဖြတ်ခံခဲ့ရသူတွေအပါအဝင် နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ကြရတဲ့ နွေဦးသူရဲကောင်းအားလုံးတို့ရဲ့ ရင်းနှီးပေးဆပ်ခဲ့မှုတွေအတွက် ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေသူငယ်ချင်းအားလုံးနဲ့ ထပ်တူ ပူဆွေးဝမ်းနည်းရပါပြီး ဦးညွတ်အလေးပြုကြောင်းနဲ့ ကျဆုံးသွားကြတဲ့ နွေဦးသူရဲကောင်းတွေရဲ့ ကျေးဇူးဂုဏ်ကို ဦးထိပ်ပန်လျက် အကြမ်းဖက် ဖက်ဆစ်ဝါဒ မြန်မာ့မြေပေါ်မှ အပြီးတိုင် အမြစ်ပြတ်ပျောက်ကွယ်သွားစေရေးကို ပြည်သူလူထုနဲ့ အတူတွဲလက်ပြီး အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်

ပြည်သူတွေ၊ မြေပြင်မှာ အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော် ရဲဘက်တွေအားလုံး အနေနဲ့ ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်တွေကို စိတ်ခွန်အားတွေအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးကို ကျရာနေရာက ပါဝင်ကာ အောင်မြင်ပြီးဆုံးတဲ့အထိ  မဆုတ်မနစ်  တိုက်ပွဲဝင်သွားကြမယ်လို့  ယုံကြည်တယ်လို့ NUG က ဆိုပါတယ်။ 

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဖက် နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေရပ်တန့်ပြီး အခုလို ကျူးလွန်မှုတွေ ထပ်မံမပေါ်ပေါက်စေဖို့  မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ပြီး မြန်ဆန်ထိရောက်တဲ့ အကူအညီတွေ ပေးခြင်းဖြင့် လူသားမျိုးနွယ်စု တစ်ခုလုံးအပေါ် ခြိမ်းခြောက်နေတဲ့  အကြမ်းဖက် ဖက်ဆစ်စနစ်ကို အဆုံးသတ်ပေးကြဖို့ NUG အစိုးရက  တိုက်တွန်းထားပါတယ်။

//
Up