ဥရောပသို့ ဓာတ်ငွေ့တင်ပို့မှု ရုရှားတင်းကျပ်

ဂျာမနီနိုင်ငံဆီကို နော့ဒ်စထရင်းမ်ဝမ်း ဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့ဖြန့်ဖြူးမှုဟာ ပုံမှန် တင်ပို့နေကျ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းသာ ကျဆင်းနိုင်တယ်လို့ ရုရှားရဲ့ ဂက်ဇ်ပရွန်ကုမ္ပဏီက ပြောတဲ့အတွက် ရုရှားက ဥရောပဆီ ဓာတ်ငွေ့တင်ပို့မှုကို ဇူလိုင် ၂၅ မှာ တင်းကြပ်ခဲ့ပါတယ်။
စက်မှုလုပ်ငန်းစောင့်ကြည့်ရေးဌာနရဲ့ ညွှန်ကြားချက်အရ ဆီးမန်းဓာတ်ငွေ့တာဘိုင် လည်နေတာ ကို ရပ်ဖို့လိုလို့ အရင်ထက် လျှော့ချထားပြီးသား လက်ရှိ ဓာတ်ငွေ့တင်ပို့မှု ပမာဏကို ဇူလိုင် ၂၇ ရက်ကစပြီး ထက်ဝက်လျှော့ချပြီး ကုဗမီတာ ၃၃ သန်းကို ပိုက်လိုင်းကနေ ပို့လွှတ်မယ်လို့ ဂက်ဇ်ပရွန်က ပြောပါတယ်။
ခုလိုလျှော့ချမှုအတွက် နည်းပညာဆိုင်ရာ အကြောင်းပြချက် ဘာမှမမြင်ဘူးလို့ ဂျာမနီက ပြောပါတယ်။
ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးလို့ ပြောတဲ့ စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အနောက်နိုင်ငံ တွေနဲ့ ရုရှားတို့ကြား စီးပွားရေး အပြန်အလှန် ထိုးနှက်နေချိန်မှာ ရုရှား ခုလို ဓာတ်ငွေ့ ပို့လွှတ်မှု လျော့ချခဲ့တာပါ။
ကနေဒါနိုင်ငံက ဆီးမန်းစ် အင်နာဂျီ ကုမ္ပဏီက ဝန်ဆောင်မှု ပေးနေတဲ့ တာဘိုင်တလုံး နှောင့်နှေးနေတာကို အကြောင်းပြပြီး ရုရှားက Nord Stream 1 ပိုက်လိုင်းကနေ ဓာတ်ငွေ့ စီးဆင်းမှု ပမာဏ ၄၀ ရာခိုင်နှုန်းကို ဇွန်လက ဖြတ်တောက်ခဲ့ပါတယ်။
အခု Nord Stream 1 ပိုက်လိုင်းကို နှစ်စဉ် ပြုပြင်ထိန်းသိမ်းရေးလုပ်ဖို့ အချိန် ၁၀ ရက်ကြာ လုံးလုံးပိတ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာတော့ ပုံမှန်အဆင့်ရဲ့ ၄၀ ရာခိုင်နှုန်းသာ ပို့လွှတ်နေဆဲပါ။
ဒီလို ဓာတ်ငွေ့ဖြတ်တောက်မှုကြောင့် ဥရောပတိုက်အတွက် ဓာတ်ငွေ့ခွဲတမ်းအပေါ် အန္တရာယ် မြင့်တက်လာပါတယ်။
ရုရှားဟာ ဆော်ဒီအာရေဗျပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေနံတင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ သဘာဝဓာတ်ငွေ့အများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဥရောပဟာ သူ့ပြည်တွင်း သုံးစွဲဖို့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းနဲ့ ရေနံ ၃၀ ရာခိုင်နှုန်းကို ရုရှားဆီကနေ တင်သွင်း နေရပါတယ်။