close

ဒန်ညက်စ်ဒေသရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ရုရှားပြော

ယူကရိန်းနိုင်ငံ ဒန်ညက်စ်ဒေသထဲက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ နိုင်ငံခြား ကြေးစားစစ်သည်တွေရဲ့ တပ်စခန်းတွေကို အမြောက်တွေနဲ့ တိုက်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

ယူကရိန်းက သူ့ရဲ့တောင်ပိုင်းဒေသမှာ ရုရှားလက်နက် အများအပြားကို ဖျက်ဆီးခဲ့ပြီး ရုရှားရဲ့ ပြင်းထန်တဲ့ထိုးစစ်ကို အင်အားလျှော့ချခဲ့တယ်လို့ ဇူလိုင် ၂၆ ရက်က အခိုင်အမာ ပြောလိုက်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အစ်ဂေါ ကိုနာရှန်ကို့ဗ်က ရုရှားတပ်တွေဟာ ဒန်ညက်စ်နဲ့ မီကိုလိုက်ဗ်ဒေသတွေက စစ်ဘက်ပစ်မှတ်တွေကို အရင်နေ့က ဆက်တိုက်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

OSA-AKM လေယာဉ်ပစ် ဒုံးပစ်လောင်ချာ၊ အမေရိကန်လုပ် တန်ပြန် ဘက်ထရီရေဒါစခန်းနဲ့ ဒုံးကျည်တွေ၊ အမြောက်လက်နက်တွေ၊ ခဲယမ်းမီးကျောက် သိုလှောင်ရာ နေရာရှစ်ခုကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။

ရုရှားစစ်တပ်ဟာ ဒန်ညက်စ်ဒေသ ကိုစတန်တီနော့ဗ်ကာမြို့နားက နိုင်ငံခြားတပ်တွေရဲ့  ယာယီတပ်ဖြန့်စခန်းကို ထိမှန်အောင် တိကျမှုမြင့်တဲ့ လေကြောင်းအခြေစိုက် ဒုံးကျည်တွေကို သုံးခဲ့တယ်၊ နိုင်ငံခြားကြေးစားစစ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး အများစုက ပိုလန်တွေလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ အမြောက်တပ်ရင်းတရင်းကို တိကျတဲ့လက်နက်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဝန်ထမ်းနဲ့ လက်နက် ၇၀ ရာခိုင်နှုန်းကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းတပ်တွေက ရုရှားရဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ထိုးစစ်တွေကို နှောင့်ယှက်ခဲ့ပြီး ရုရှားလက်နက်တိုက်တွေကို ယူကရိန်းတပ်ဖွဲ့က ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့ အကြံပေး ရိုစတီးစလပ်စ် စမီယာနော့ဗ်က ပြောခဲ့ပါတယ်။

တနင်္လာနေ့မှာ ရုရှားဟာ ချာနစ်ဟစ်ပ်နဲ့ ဆူမီ အပါအဝင် ဒေသရှစ်ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ယူကရိန်းတောင်ပိုင်းက ဩဒက်ဆာနဲ့ နီကိုလာယက်ဗ် မြို့တွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်း သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ ခါဆွန်ဒေသမှာလည်း နှစ်နိုင်ငံတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းနိုင်ငံ ဆီဗာ့စ်ခ်နဲ့ မီကိုလိုက်ဗ်မြို့တွေကို တိုက်ဖို့ ပြင်ဆင်ရေး အာရုံစိုက်နေတယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။

//
Up