သေဒဏ်အမိန့် ချမှတ်ထားသူများတွင် အမျိုးသမီး ၉ ဦးပါဝင်

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးကာ သေဒဏ်အမိန့်ချမှတ်ထားတဲ့ ပြည်သူ ၇၄ ယောက်ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၉ ယောက်ပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
ဇူလိုင် ၂၇ ရက် အထိ စုဆောင်းကောက်ယူထားတဲ့ အချက်အလက်တွေအရ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းထောင်တွင်းမှာ ထိန်းသိမ်းခံနေရသူ ၇၄ ဦးဟာ တရားလက်လွတ် သတ်ဖြတ်ခံရနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီး ၉ ဦးကတော့ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင်(ခ)မနိုင်၊ ဆောင်းလေပြေ (ခ) ဇူးဇူး၊ မခင်ဝင့်ကျော်မောင်၊ မဆုဝေနှင်း၊ မဆုမြတ်သွယ်နဲ့ မချိုချို တို့ဖြစ်ကြပြီး သူတို့ကို လူသတ်မှု၊ အကြမ်းဖက်မှုပုဒ်မ၊ အကျိုးဖျက်ဆီးမှု စတဲ့ ပုဒ်မတွေတပ်ပြီး စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒီလို အမျိုးသမီးတွေအပါအဝင် သေဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ) တွဲဘက် အထွေထွေအတွင်းရေးမှူး ၂ လွေးပိုးငယ်က “အဓိကကတော့ ဒီလိုမျိုး ကွပ်မျက်တယ်၊ အဲဒီလို သတ်လိုက်တာသည် လူ့အခွင့်အရေးကိုလည်း ချိုးဖောက်သလို နိုင်ငံတကာ ဥပဒေကိုလည်းချိုးဖောက်တယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တချို့သော ဥပဒေကိုလည်း ချိုးဖောက်တယ်။ ပြီးလို့ရှိရင် ဒီလိုအမျိုးသမီးတွေကို ဒီလိုသတ်ဖြတ်တာသည် အင်မတန်မှ ရုပ်ညံ့တဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ အင်အားကို သုံးပြီးတော့မှ အင်အားနည်းတဲ့သူကို ဖိနှိပ်တာသည် အင်မတန်မှ ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်။ ယုတ်ညံ့တဲ့လုပ်ရပ်ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်မိတယ်။ အဲဒါကြောင့်မို့လည်း နိုင်ငံတကာအနေနဲ့ ဒီစစ်ကောင်စီကို ဒီတိုင်း လျစ်လျူရှုထားတာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် အရေးယူဖို့လိုတယ်ဆိုတဲ့ဟာကို ကျမတို့က အမြဲတမ်း ပြောနေတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
အေအေပီပီရဲ့ စာရင်းအရ သေဒဏ်ချခံရသူ ၇၄ ဦးထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ကျန်သူတွေက ဧရာဝတီတိုင်းနဲ့ ရှမ်းပြည်နယ်တွေက ဖြစ်ပါတယ်။
ရှမ်းပြည်နယ်က သေဒဏ်ချမှတ်ခံရသူ ၄ ဦးထဲက ၃ ဦးမှာ ဖယ်ခုံမြို့နယ်က ဖြစ်ပြီး သူတို့ကတော့ ကရင်နီလူမျိုး မောင်ခုံး၊ မောင်ငြိမ်းနဲ့ ဂျိုးစက်တို့ဖြစ်ပါတယ်။ သူတို့တွေကို ဖယ်ခုံမြို့နယ် ဝါရီတောင်ခြေရွာမှာ စစ်တပ်အရာရှိ ၂ ဦးနဲ့ တပ်ကြပ် ၂ ဦး သတ်ဖြတ်မှုနဲ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူတွေ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်အထိ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၁၇၉၅ ဦးရှိပြီး အဲဒီထဲမှာ ၁၃၄၈ ဦးဟာ ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရကာ ဒီအထဲက ၇၄ ဦးမှာ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
သေဒဏ်ချမှတ်ခံထားရသူ ၇၄ ဦးထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးကို ကလေးသူငယ်တရားရုံးရဲ့ လုပ်ငန်းစဉ်နဲ့ ဆက်လက် ဆောင်ရွက်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ သိရပါတယ်။
စစ်ခုံရုံးကနေ မူလချထားတဲ့ သေဒဏ်ပြစ်ဒဏ်ကို အတည်မပြုသေးဘဲ ကလေးသူငယ်တရားရုံးကို လွှဲပြောင်းပေးလိုက်ရတာကြောင့် ဒီတရားရုံးရဲ့အဆုံးအဖြတ်ကသာ အတည်ဖြစ်မယ်လို့ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါ့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ ၄၁ ဦးရှိနေတဲ့အတွက် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းအရ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းထောင်ထဲမှာ သေဒဏ်စီရင် ကွက်မျက်ခဲ့တာဖြစ်ပြီး အခုလိုသေဒဏ်ပေးမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အီးယူနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဆန့်ကျင်ကန့်ကွက် ရှုတ်ချထားပါတယ်။