ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ စက်တောတောင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ နဲ့ KIA ၊ PDF ပူးပေါင်းအဖွဲ့တို့ ဇူလိုင် ၂၉ ရက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာများနိုင်တယ်လို့ ဗန်းမောက် PDF အဖွဲ့က ပြောပါတယ်။
မနေ့ မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် ၂ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ည ၉ နာရီမှာလည်း နောက်တကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ည ၉ နာရီမှာ ဗိုလ်ဇင်ယော်ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဗန်းမောက်မြို့ အတွင်းဝင်ရောက်ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာကို ဆက်လက် တိုက်ခိုက်ခဲ့ရာ အချိန် ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗန်းမောက် တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေ ထိခိုက်ကျဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဇူလိုင် ၂၇ ရက်ကလည်း ဗန်းမောက်မြို့အဝင်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိတယောက်အပါအဝင် စစ်ကောင်စီ တပ်သား သုံးယောက် သေဆုံးသွားတယ်လို့ ဗန်းမောက်တော်လှန်ရေးအဖွဲ့ကဆိုပါတယ်။
သေဆုံးသူ သုံးယောက်ထဲမှာ ဗိုလ်ကြီးတယောက် ပါတယ်လို့ သိရပေမဲ့ အတည်ပြုနိုင်ခြင်း မရှိ သေးဘဲ စုံစမ်းနေဆဲပဲလို့ ဗန်းမောက်တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းရှိ Non CDM ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင် ခိုလှုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့က ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။