အမေရိကန်တွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၂၀၀ ကျော်ရှိလာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဇူလိုင် ၂၉ ရက်အထိ စမ်းသပ်ချက်အရ လူပေါင်း ၁၂၈၉ ယောက်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
ရောဂါဖြစ်ပွားမှုအပေါ် အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုကိုလည်း ပိုပြီး စိတ်ပျက်လာခဲ့ကြပါတယ်။ ခုချိန်မှာ တခြားနိုင်ငံတွေထက် အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်မှု ပိုများလာနေပါတယ်။
အမေရိကန်နိုင်ငံဟာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမှာ အိပ်မက်ယောင်ရင်း လမ်းထ လျှောက်သလို လုပ်နေလို့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် နိုးထကြဖို့ နယူးယောက်မှာ ဆန္ဒပြသူတွေက ရွေးကောက်ခံ အရာရှိတွေကို နှိုးဆော် ထားပါတယ်။
“ကျနော်တို့ တောင်းဆိုနေတာက ပိုကောင်းတဲ့ အဓိပ္ပါယ်ရှိတဲ့ ဖြန့်ဝေမှု၊ ကုသမှု၊ စမ်းသပ်မှုနဲ့ ကာကွယ်ဆေးတွေ ဖြန့်ပေးဖို့ ထိထိရောက်ရောက် အရေးတကြီး လုပ်ဖို့ပါ။ မနေ့တည်းက လုပ်ခဲ့သင့်တာ" လို့ Act Up New York အဖွဲ့က တက်ကြွလှုပ်ရှားသူ ဂျေဆွန် ရိုဆန်ဘာ့ဂ်က ပြောပါတယ်။
ဆန္ဒပြသူတွေဟာ TPOXX လို မျောက်ကျောက်ရောဂါကုသဆေးပိုရဖို့ ကြိုးနီစနစ် ဖြတ်တောက်ရေး ဥပဒေပြုအမတ်တွေကို တောင်းဆိုနေကြပါတယ်။
ဖယ်ဒရယ်အစိုးက ကာကွယ်ဆေး ၃ သိန်း ဝန်းကျင်ကို ဖြန့်ဝေထားပြီး ကာကွယ်ဆေးတွေ ထပ်မံရရှိနိုင်ရေး ပိုတိုးပြီး တောင်းဆို နေကြပါတယ်။
မျောက်ကျောက် ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ အစိုးရရဲ့တုံ့ပြန်မှုအပေါ် စိတ်ပျက်နေကြပေမဲ့ အကူအညီတွေ ပိုရနေပြီလို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
မျောက်ကျောက် ကာကွယ်ဆေး စုစုပေါင်း ၇၆၀၀၀၀ ကို အမေရိကန်ဆီ ပေးပို့ထားပြီး နယူးယောက်မြို့က မျှတတဲ့ ဝေစု ရတာ သေချာစေရမယ်လို့ အုပ်ချုပ်ရေးမှူး ကေသီဟိုချူးက ပြောခဲ့ပါတယ်။
မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်ဟာ အနီးကပ် ထိတွေ့မှုကနေ တဆင့် ကူးစက်ပြီး ဘယ်သူမဆို ကူးစက်ခံရနိုင်ပါတယ်။
အမေရိကန်မှာတော့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေကြားမှာ အများစု ပျံ့နှံ့နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။