close

ဩစတြေးလျနိုင်ငံတွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးဖြစ်လာ

ဩစတြေးလျနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဟာ ဧပြီလကနေ ဇွန်လအထိ သုံးလပတ်အတွင်း ၂၁ နှစ်ကြာ ကာလမှာ အမြင့်ဆုံးအထိ တက်သွားပါတယ်။

အစားအစာနဲ့ စွမ်းအင်ကုန်ကျစရိတ်တွေ ဆက်လက်ကြီးထွားနေလို့ ငွေကြေး ဖောင်းပွမှု ပိုအရှိန်မြှင့်နိုင်တယ်လို့ ဟောကိန်းထုတ် နေကြပါတယ်။ 

သြစတြေးလျ စာရင်းအင်းဗျူရို ABS က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ငွေကြေးဖောင်းပွမှုလို့ လူသိများတဲ့ စားသုံးသူစျေးနှုန်းညွှန်းကိန်း CPI ဟာ ဇွန်လကုန်မှာပြီးဆုံးမယ့် သုံးလပတ်မှာ  ၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နှစ်စဉ် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်လာခဲ့ပါတယ်။ 

၂၀၀၁ ခုနှစ်နောက်ပိုင်း အမြန်ဆုံးဖြစ်လာတဲ့ နှစ်အလိုက်တိုးမြှင့်မှုဟာ လူနေမှုစရိတ်တွေနဲ့ ရုန်းကန်နေရတဲ့ မိသားစုတွေအပေါ်  ပို ဖိအားပေးလိမ့်မယ်လို့ သြစတြေးလျ ဘဏ္ဍာရေးမှူး ဂျင်မ် ချမ်းမားစ်က ပြောပါတယ်။ 

ယူကရိန်းမှာ ငါးလကြာပဋိပက္ခကြောင့် ဒေသတွင်း ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး ဆယ်စုနှစ်တွေအတွင်း စွမ်းအင်စျေးနှုန်းတွေ အကြီးမားဆုံး မြင့်တက်ခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းက ဩစတြေးလျမှာ မြင့်နေပေမယ့် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေသေးလို့ သြစတြေးလျနိုင်ငံရဲ့ စီးပွားရေးဟာ တခြားနိုင်ငံတွေနဲ့ယှဉ်လျှင် ပိုကောင်းမွန်နေ သေးတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် တင်ပြပါတယ်။ 

//
Up