ဖားကန့်မြို့တွင် ရဲမှူးတဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက ရဲမှူးတဦး ဈေးဝယ်ထွက်စဉ် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရဲတပ်ရင်း ၃၀ မှာ တာဝန်ထမ်းဆောင်တဲ့ ရဲမှူးကိုကိုလွင်ကို အမည်မသိ သေနတ်သမားအဖွဲ့က မှော်ရှန်ရပ်ကွက် KBZ ဘဏ် (၂) အနီးမှာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၈ နာရီခွဲလောက်က ဈေးဝယ်ပြီးအပြန် KBZ ဘဏ်နားမှာ အပစ်ခံရတာ။ ကားပေါ်အတက်မှာ ပစ်သွားတာ။ ဆယ်ချက်လောက်ရှိတယ်။ ဘယ်အဖွဲ့ကပစ်လဲတော့ မသိဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ရဲမှူး ကိုကိုလွင်ကို အမည်မသိ သေနတ်သမားအဖွဲ့က ဆယ်ချက်ထက်မနည်း ပစ်ခတ်ခဲ့လို့ အခင်းဖြစ်ပွားရာ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ စည်ပင်ရုံး၊ စုပေါင်းရုံးနဲ့ ရဲကင်းစခန်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ဧပြီ ၁၅ ရက်က စစ်ကောင်စီတပ်သား သုံးဦး ဈေးဝယ်ထွက်လာစဉ် မိုင်းဆွဲခံရလို့ တပ်သားတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။