close

ထီးလင်းတွင် မိုင်း ၃ လုံးပေါက်ကွဲ၊ ဘဏ်မန်နေဂျာနှင့် ရဲ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့ စိုက်ဘဏ်ရုံးနဲ့ ဆောက်လုပ်ရေးရုံးနားမှာ သြဂုတ် ၂ ရက် မနက်ပိုင်းက မိုင်းသုံးလုံးပေါက်ကွဲပြီး စိုက်ဘဏ်မန်နေဂျာ အပါအဝင် ရဲ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ YDF ထီးလင်း ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“စိုက်ဘဏ်ရုံးနဲ့ ဆောက်လုံးရေးရုံးနားတွေမှာ မိုင်း ၃ လုံး၊ တနေရာစီပေါ့။ တလုံးနဲ့တလုံး ၁၅ မိနစ်စီလောက် ခြားပြီးတော့ ၃ လုံးကွဲတယ်ဗျ။ မိုင်းကွဲပြီး အဲဒီမှာစောင့်နေတဲ့ ရဲတပ်သား ၂ ယောက် ဒဏ်ရာရသွားတယ်။ စိုက်ဘဏ်မန်နေဂျာလည်း လက်မှာဒဏ်ရာရပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ ကျနော်တို့ သိရတယ်။ အဓိကရည်ရွယ်တာက ထီးလင်းမြို့ပေါ်မှာ စစ်ကောင်စီရဲ့ အစီအစဥ်နဲ့ စာသင်ကျောင်းတွေ ဖွင့်နေကြတာ ၁၀ ရက်လောက် ရှိသွားပြီ။ အဲဒါတွေကိုရပ်ဖို့ ပထမတကြိမ် သတိပေးထားတယ်။ ဒါ ဒုတိယကြိမ်မြောက် မိုင်းနဲ့ သတိပေးလိုက်တာ။ နောက်တကြိမ်ဆိုရင်တော့ စစ်ကောင်စီယန္တရား လည်ပတ်အောင် လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ ဘက်တော်သားအဖြစ် သတ်မှတ်ပြီး အချိန်မရွေး တိုက်ခိုက်သွားမယ်။”

ထီးလင်းမြို့နယ်ထဲမှာတော့ လောလောဆယ် စစ်ကြောင်းထိုးတာ မရှိသေးဘဲ ဂန့်ဂေါမြို့နယ် အန်းတားကျေးရွာဘက်မှာတော့ စစ်ကြောင်းတကြောင်းရှိတယ်လို့ သခင်ဇော်က ဆိုပါတယ်။

ထီးလင်းမြို့နယ် ဝက်သက်(မြောက်)ရွာနားမှာ ဇွန် ၁၂ ရက် ညနေပိုင်းကလည်း စစ်ကောင်စီ စစ်ကြောင်းနဲ့ YDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ပြီး ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

//
Up