ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီနှင့် ထိုင်ဝမ်သမ္မတ တွေ့ဆုံ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီဟာ ထိုင်ဝမ်မြို့တော် တိုင်ပေမှာ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နဲ့ ဩဂုတ် ၃ ရက်က တွေ့ဆုံပါတယ်။
ထိုင်ဝမ်ကျွန်းပတ်လည်မှာ တရုတ်က အကြီးအကျယ် စစ်ရေးလေ့ကျင့်နေပြီး ပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ခုလို လာရောက်တွေ့ဆုံတာပါ။
ဒါကြောင့် ထိုင်ဝမ်က သစ်သီးတွေနဲ့ ငါး ၂ မျိုး တင်သွင်းမှု၊ ထိုင်ဝမ်ဆီကို သဘာဝသဲတွေ တင်ပို့မှုတွေကို တားမြစ်ပိတ်ပင်မယ်လို့ တရုတ်ပြည်မကြီး အစိုးရက ဩဂုတ် ၃ ရက် မနက်မှာ ကြေညာပါတယ်။ ထောင်ချီတဲ့ စားနပ်ရိက္ခာ တင်သွင်းမှုတွေကိုလည်း တားမြစ် ပိတ်ပင်လိုက်ပါတယ်။
ထိုင်ဝမ် သမ္မတ ဆိုင်အင်းဝမ်က “ပြင်းထန်တဲ့ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရရင်တောင် ထိုင်ဝမ်က နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာ ရပ်တည်ပြီး ဒီမိုကရေစီအတွက် ကာကွယ်ရေးစည်းကို ဆက်ကိုင်ထားမယ်” လို့ ပြောပါတယ်။
“တချိန်တည်းမှာပဲ ကျမတို့ဟာ ဒီမိုကရေစီတန်ဖိုးတွေကို အတူတကွ ကာကွယ်စောင့်ရှောက်ဖို့ ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံတေွနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားမယ်” လို့လည်း ပြောပါတယ်။
အခုနှစ်အစောပိုင်းက ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့လို့ ထိုင်ဝမ်ရေလက်ကြား လုံခြုံရေးကို ကမ္ဘာက အာရုံစိုက်လာခဲ့တာပါ။
ဒီမိုကရက်တစ် ထိုင်ဝမ်ကို ရန်စတာဟာ အင်ဒို-ပစိဖိတ် ဒေသတခုလုံးရဲ့ လုံခြုံရေးအပေါ် သက်ရောက်မှု ကြီးလိမ့်မယ်လို့ ဆိုင်အင်းဝမ်က ပြောပါတယ်။
ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကို ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ကတိကဝတ်ပြုထားပြီး ဒေသတွင်းတည်ငြိမ်ရေး အင်အားစုအဖြစ် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အမေရိကန်ရဲ့ ယုံကြည်စိတ်ချရတဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဘက်နိုင်ငံ ဖြစ်လာမယ်လို့လည်း ဆိုင်က ပြောပါတယ်။
ပေလိုစီကတော့ ထိုင်ဝမ်နဲ့ အမေရိကန်ရဲ့ ‘တည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှု’ အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
“ထိုင်ဝမ်အစိုးရအတွက် ကျမတို့ရဲ့ ကတိကဝတ်ကို စွန့်လွှတ်မှာမဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း သိစေဖို့နဲ့ ကျမတို့ရဲ့ တည်မြဲတဲ့ ချစ်ကြည်ရေးအတွက် ဂုဏ်ယူမိတယ်” လို့ ပြောပါတယ်။
ကမ္ဘာကြီးဟာ ဒီမိုကရေစီနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကြားမှာ ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ စကားကို ပေလိုစီက ပဲ့တင်ထပ် ပြောလိုက်ပါတယ်။ ထိုင်ဝမ်နဲ့ ကမ္ဘာတဝန်းက ဒီမိုကရေစီကို ထိန်းသိမ်းဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ သံမဏိလို ခိုင်မာနေဆဲပဲလို့လည်း ပေလိုစီက ပြောခဲ့ပါတယ်။
အလားတူ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီဟာ သြဂုတ် ၃ ရက်နေ့မှာပဲ ထိုင်ဝမ် ဥပဒေပြုလွှတ်တော်ဆီကို သွားရောက်လည်ပတ်ပါတယ်။
အမေရိကန် ချစ်ပ်ပြားဥပဒေကြမ်းဟာ ချစ်ပ်စက်လုပ်ငန်းမှာ အမေရိကန်-တိုင်ပေ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းတခု ပေးစွမ်းနိုင်တယ်လို့ ပေလိုစီက ထိုင်ဝမ်လွှတ်တော်မှာ ပြောခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ လွှတ်တော်အချင်းချင်းကြား ဖလှယ်မှုတွေ တိုးမြှင့်ချင်တယ်လို့လည်း ပေလိုစီက ပြောပါတယ်။
အမေရိကန် လွှတ်တော်အမတ် ၆ ဦးနဲ့အတူ ထိုင်ဝမ်ကို လာရောက်လည်ပတ်တဲ့ ပေလိုစီဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကို လာရောက်လည်ပတ်တဲ့ ဝါအရင့်ဆုံး အမေရိကန် နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ပါတယ်။