close

ဖင်လန်နှင့် ဆွီဒင်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ် အမေရိကန်အထက်လွှတ်တော် အတည်ပြု

ဖင်လန်နဲ့ ဆွီဒင်တို့ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေအဖြစ် အမေရိကန်အထက်လွှတ်တော်က  ဩဂုတ် ၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ၁၉၉၀ ပြည့်နှစ်တွေနောက်ပိုင်း အဖွဲ့ဝင် ၃၀ ပါ မဟာမိတ်အဖွဲ့ရဲ့ အထင်ရှားဆုံး တိုးချဲ့မှုဖြစ်ပါတယ်။

နှစ်နိုင်ငံရဲ့ ဝင်ခွင့်စာရွက်စာတမ်းတွေကို ထောက်ခံအတည်ပြုဖို့ လိုအပ်တဲ့ ထောက်ခံမဲ ၆၇ မဲကို ပြည့်မီရုံမက ၃ ပုံ ၂ ပုံ ကျော်လွန်သွားပြီး အထက်လွှတ်တော်မှာ ထောက်ခံမဲ ၉၅ မဲ ကန့်ကွက်မဲ ၁ မဲနဲ့ အတည်ပြုခဲ့တာပါ။

တဦးတည်းသော ကန့်ကွက်မဲပေးသူဟာ မစ်ဆိုရီပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Josh Hawley တဦးတည်းသာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဖေဖော်ဝါရီ ၂၄ ရက် ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဆွီဒင်နဲ့ ဖင်လန်တို့က နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့တာဖြစ်ပြီး ရုရှားကလည်း အဲဒီနှစ်နိုင်ငံကို မဟာမိတ်အဖွဲ့ကို မဝင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

နေတိုးရဲ့ မဟာမိတ်နိုင်ငံ ၃၀ က ဆွီဒင်နဲ့ ဖင်လန်တို့အတွက် ဝင်ရောက်ရေး ပရိုတိုကောကို ပြီးခဲ့တဲ့လက လက်မှတ်ရေးထိုးခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင်တွေက အတည်ပြုပြီးတာနဲ့ သူတို့ကို အမေရိကန်ဦးဆောင်တဲ့ နျူကလီးယားလက်နက် မဟာမိတ်အဖွဲ့မှာ ပါဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။

//
Up