close

ချင်းပြည်နယ် ကျေးရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူကို အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေ

ချင်းပြည်နယ်၊ ဇိုတုန်နယ်ဘက်ကို စစ်ကောင်စီတပ်က အင်အလား ၁၅၀ လောက်နဲ့  စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ အနည်းဆုံး ၆ ဦးကို အကြမ်းဖက်သတ်ဖြတ်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကိုသတ်ဖြတ်စားသောက်တာကြောင့် ဒေသခံ ကျေးရွာ ၄ ရွာက  ပြည်သူ  ၁၆၀၀ ကျော် ဘေးလွတ်ရာကို  ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၆ ရက်နေ့မှာ နားဘုန်းရွာကို ရောက်ရှိနေပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရွာထဲကို ပစ်ခတ် ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

CDF-Zotung  သတင်းပြန်ကြားရေးတာဝန်ခံက “အခြေအနေကတော့ ဂန့်ဂေါနယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်၊ ဇိုတုန်နယ်ရှိ ဇောင်နက်၊ အန်းတား၊ ရမ်းစီးနဲ့ နားဘုန်းရွာက ဒေသခံ  ၁၆၅၀ လောက်  တောထဲမှာပဲ တိမ်းရှောင်နေရပါတယ်။ စကစဘက်က ပြည်သူတွေကို သတ်ဖြတ်တာ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်စားနေတာတွေရှိပါတယ်။ ပြည်သူအလောင်း ၆ လောင်းလည်း တွေ့ထားပါတယ်” လို့ ပြောပါတယ်။

သြဂုတ် ၅ ရက် နေ့လယ်က စစ်ကောင်စီတပ်ဟာ  ရမ်းစီးကျေးရွာကနေ ပြည်လည်ထွက်လာရာ ရမ်းစီးနဲ့ ရေဇွာလမ်းဘက် ၂ မိုင်ဝန်းကျင်၊ မန်းခေါင်းလမ်းခွဲအရောက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့  တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့  နှစ်ဖက်ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

အဆိုပါ စစ်ကောင်စီတပ် အင်အား ၁၅၀ လောက်ဟာ လွန်ခဲ့သော သီတင်း နှစ်ပတ်လောက်က ဂန့်ဂေါနယ်ကနေ ဇိုတုန်နယ်ကိုရောက်လာတာဖြစ်ပြီး  ရမ်းစီးကျေးရွာမှာ  နှစ်ပတ်ကြာတပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်မှ ဇိုတုန်နယ်ကိုဝင်ရောက်လာစဉ်  ဇိုတုန်နယ်ရှိ ကျေးရွာနှစ်ရွာကို  တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ  ဒေသခံပြည်သူတွေကို အဓမ္မဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့  CDF-Zotung  သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ရမ်းစီးရွာမှာဆို ၂၈ ယောက်ဖမ်းထားတာရှိတယ်။ သူတို့ နှစ်ပတ်ကျော်ကျော်ချုပ်ထားပြီးမှ မနေ့မနက်က သူတို့ပြန်လွတ်လာကြတယ်ပေါ့နော်။ ဒါပေမဲ့ အဲ့ထဲက ရမ်းစီးရွာသား သုံးယောက်ကတော့ သူတို့အဲ့မှာပဲ စစ်ကောင်စီတွေက သတ်ဖြတ်ပြီးတော့ မီးရှို့ထားခဲ့တာပေါ့နော် အမျိုးသား သုံးယောက် ထဲက တယောက်က တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကျနော်တို့ ရဲဘော်ပဲဖြစ်ပါတယ်။ တခြားနှစ်ယောက်ကလည်း ပြည်သူတွေပါဗျ။ အရပ်သားတွေပါပဲ။ ကျနော်တို့ လမ်းမှာ အန်းတားကနေ ထွက်လာတဲ့အချိန်မှာလည်း အန်းတားနဲ့ ရမ်းစီးကြားမှာ အလောင်း သုံးလောင်းကိုလည်း တွေ့ရတယ်။ အားလုံးပေါင်းရင်တော့  ခြောက်လောင်းပေါ့။”

ဒေသတွင်းမှာ တိုက်ပွဲဖြစ်လာပါက ချင်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်းလမ်းပန်းဆက်သွယ် ရေးအခက်အခဲရှိလာကာ  ပြည်သူတွေအတွက် စားနပ်ရိက္ခာစိုးရိမ်ရတဲ့ အခြေအနေရှိလာနိုင်တယ်လို့ သိရပါတယ်။

CDF-Zotung သတင်းပြန်ကြားရေးတာဝန်ခံက “ဒီလမ်းကနေကျနော်တို့ ချင်းပြည်နယ် အလယ်ပိုင်းတောင်ပိုင်းပေါ့။ ရိက္ခာတွေ ဒီလမ်းပဲ အသုံးပြုနေရတာပေါ့။ စစ်ကြောင်းရှိတော့ ကားတွေကမသွားနိုင်တော့ဘူး။ သွားလာတဲ့ကားတွေကလည်း လမ်းမှာပစ္စည်းလု တာတွေရှိတာပေါ့နော်။ အဲဒါကြောင့်ကားတွေမသွားနိုင်ဘူး။ အဲလိုအခြေအနေဆိုတော့ ဒီဘက်မှာ စားသောက်ကုန်တွေကအစ၊ ဆီတွေပါ ပြတ်လပ်နေတာပေါ့နော်။ ဈေးတွေက အင်မတန်တက်လာတယ်။ ဒီထက်ပိုဆိုးပြီးတော့ ဝယ်စရာတောင်မရှိတဲ့ အနေအထားမျိုး ရှိနိုင်တာပေါ့ ကားတွေမသွားတော့ စစ်ကြောင်းကပိတ်နေတော့ တက်လာတဲ့ကားတွေကလည်း ပစ္စည်းတွေအလုခံရတော့ ကားသမားတောင်မသွားရဲတော့ဘူး” လို့ ပြောပါတယ်။

ချင်းပြည်နယ်အနေနဲ့ မကွေးတိုင်းကနေ စားသောက်ကုန်တွေ အဓိကယူရကြတာဖြစ်ပြီး မန္တလေးကနေ  ဂန့်ဂေါမြို့ကို စားသောက်ကုန်တွေ သယ်ယူကြတယ်လို့လည်း သိရပါတယ်။ 

CDF-Zotung ကသတင်းပြန်ကြားရေးတာဝန်ခံက “ဒေသထွက်တော့မရှိဘူး။ အရင်ကစု ဆောင်းထားတဲ့ ဟာလေးတွေနဲ့ပဲ စားသောက်နေကြတယ်ပေါ့နော်။ အဓိကကတော့ ဒီဇယ်တို့ ဓာတ်ဆီတို့ပေါ့နော်။ အဲဒါလည်းပြတ်လပ်နေတော့ ပို့ဆောင်ဆက်သွယ်ရေးကလည်း အခက်အခဲရှိတယ်ပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာဒေသခံ ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးနေသလို  ခရီးသွား ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း လုယက်ခိုးယူနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်ကို CDF-Zotungက ရှုတ်ချတဲ့အပြင် အပြင်းအထန် ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်သွားဖို့ရှိလို့  အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် အများပြည်သူအနေနဲ့ ဂန့်ဂေါ- အိုက္ကားလမ်းကို သြဂုတ် ၄ ရက်က စတင်ပြီး  တစုံတရာ ပြန်လည်ထုတ်ပြန်ခြင်းမပြုခင်အထိ အသုံးပြုသွားလာခြင်း မပြုကြဖို့နဲ့  မလိုက်နာတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆို တာဝန်ယူမှာမဟုတ်ဘူးလို့  CDF-Zotungက အသိပေး ထုတ်ပြန်ထားပါတယ်။

//
Up