ဒဏ်ရာပြဿနာရှိနေသော်လည်း ကစားသမားသစ်ခေါ်ရန်မလိုအပ်ဟု လီဗာပူးနည်းပြပြော

လီဗာပူးအသင်းမှာ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေပေမယ့် လူသစ်ထပ်ခေါ်ဖို့ မလိုအပ်ဘူး လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဖူဟမ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်လူ သီယာဂိုက တံကောက်ကြောဒဏ်ရာရခဲ့ပြီး ကွင်းလယ်ကစားသမား လေးယောက်အထိ ဒဏ်ရာပြဿနာရှိနေတာဖြစ်ပါတယ်။
ကူတစ်ဂျုံး၊ နာဘီကီတာ၊ ချိန်ဘာလိန်၊ ဂျိုတာတို့လို ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေပေမဲ့ မကြာခင်မှာ ပြန်ကစားနိုင်မှာဖြစ်ပြီး ကစားသမားသစ်ခေါ်ဖို့မလိုအပ်ကြောင်း နည်းပြကလော့ပ်က မှတ်ချက်ပေးသွားတာပါ။
နာဘီကီတာက ဖျားနာရုံပဲဖြစ်လို့ ပြဿနာမရှိသလို ကူတစ်ဂျုံးစ်ရဲ့ဒဏ်ရာကလည်း ပြင်းထန်မှုမရှိကြောင်း၊ ချိန်ဘာလိန်နဲ့ သီယာဂိုတို့ ဒဏ်ရာရှိနေတာက မကောင်းပေမဲ့ ကွင်းလယ်ကစားသမားတွေ လုံလောက်မှုရှိကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
နောက်ပြီး ဖူဟမ်နဲ့ သရေကျခဲ့တဲ့အပေါ် ကွင်းမျက်နှာပြင် ခြောက်သွေ့နေတာကို နည်းပြကလော့ပ်က အပြစ်တင်သွားခဲ့ပါတယ်။