ယူကရိန်းစပါးဝယ်ယူရန် လက်ဘနွန် ငြင်းဆန်

ယူကရိန်းစပါးတွေကို ပထမဆုံး ဝယ်ယူသူဖြစ်တဲ့ လက်ဘနွန်နိုင်ငံက ငြင်းဆန်လိုက်တာကြောင့် ယူကရိန်းကနေ ထွက်ခွာလာတဲ့ ပထမဆုံး စပါးတင်ကုန်သင်္ဘော ရာဇိုနီဟာ နောက်ထပ်ဆိပ်ကမ်းတခုကို ကုန်ချဖို့ ရှာနေရတယ်လို့ လက်ဘနွန်နိုင်ငံရှိ ယူကရိန်းသံရုံးက ဩဂုတ် ၈ ရက်မှာ ပြောကြားပါတယ်။
ရာဇိုနီသင်္ဘောပေါ်မှာ ယူကရိန်း စပါးတင်ပို့သူဘက်က ပေးပို့လာတဲ့ အချက်အလက်တွေအရ လက်ဘနွန်ရှိ ဝယ်သူဟာ ပေးပို့မှု ၅ လကျော် နှောင့်နှေးနောက်ကျတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝယ်ယူမှုကို ငြင်းဆန်ခဲ့တယ်လို့ သံရုံးက ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားပြောဆိုထားပါတယ်။
ဒါကြောင့် သင်္ဘောတင်သူက လက်ဘနွန်က ထရီပိုလီဆိပ်ကမ်း ဒါမှမဟုတ် တခြားနိုင်ငံက ဆိပ်ကမ်းတခုခုမှာ သူ့ရဲ့ကုန်ပစ္စည်းကို ချဖို့ တခြားကုန်ပစ္စည်းထားဖို့ နေရာကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂက ကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်အရ ယူကရိန်းကနေ ပထမဆုံး ထွက်ခွာလာတဲ့ ရာဇိုနီသင်္ဘောဟာ အရင်တပတ်က အိုဒက်ဆာကနေ ပြောင်းတန်ချိန် ၂၆,၅၂၇ တန်ကို တင်ဆောင်လာတာပါ။
သင်္ဘောဟာ သြဂုတ် ၇ ရက်မှာ လက်ဘနွန်ကို ရောက်ရှိဖို့ စီစဉ်ထားပေမဲ့ သူ့ရဲ့ဦးတည်ရာကို တူရကီနိုင်ငံ မာဆင်ဆိပ်ကမ်းကို ပြောင်းလဲခဲ့ပြီးတော့ လက်ရှိမှာ တူရကီနိုင်ငံ တောင်ပိုင်းကမ်းခြေမှာ ကျောက်ချရပ်နားထားကြောင်း Refinitiv သင်္ဘောခြေရာခံဒေတာအရ သိရပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်မှုကြောင့် ယူကရိန်း ကောက်နှံစပါးတင်ပို့မှု ရပ်ဆိုင်းသွားခဲ့ရလို့ ကမ္ဘာ့နေရာအနှံ့အပြားမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ အငတ်ဘေးတွေအထိ ဖြစ်ပွားစေနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်လာခဲ့ပြီးနောက်မှာ ကုလသမဂ္ဂနဲ့ တူရကီတို့ဟာ ပြီးခဲ့တဲ့လက သဘောတူညီချက်ကို ကြားဝင်စေ့စပ်ခဲ့တာပါ။
သြဂုတ် ၁ ရက်မှာ စတင်ထွက်ခွာလာခဲ့တဲ့ သင်္ဘော ၇ စီးဟာ ယူကရိန်းနိုင်ငံကနေ ပြောင်းတန်ချိန် ၂၄၃,၀၀၀ လောက် တင်ပို့ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။