ပေါ်တူဂီတောမီး ဟက်တာ ၁၀,၀၀၀ ကျော် လောင်ကျွမ်း

ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာ သြဂုတ် ၁၁ ရက်က ညလုံးပေါက် တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာထောင်နဲ့ချီ မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေဟာ တောင်တွေတလျှောက်က သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ကာကွယ်ဖို့ ကြိုးစားရုန်းကန်နေကြရပါတယ်။
ဆယ်ရ်ဟာဒေစတြီလာ အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတွေ အပါအဝင် ဟက်တာပေါင်း ၁၀,၅၀၀ လောင်ကျွမ်းခဲ့တဲ့ အလယ်ပိုင်း ကိုးဗီးလာဒေသမှာ မီးသတ်သမား ၁,၅၀၀ ကျော်ဟာ တောမီးကို ၆ ရက်ကြာအောင် ငြှိမ်းသတ်ခဲ့ရပါတယ်။
ပေါ်တူဂီနိုင်ငံတဝန်းရှိ ခရိုင်အသီးသီးမှာ မီးဘေးအန္တရာယ်အတွက် အနီရောင်အဆင့် သတိပေးချက်ထုတ်ထားတယ်လို့ မိုးလေဝသအေဂျင်စီ IPMA ကပြောပါတယ်။
အပူလှိုင်းတွေက ဥရောပကို မီးမြှိုက်သလိုဖြစ်နေပြီး မနေ့က ပြင်သစ်နဲ့ စပိန်နိုင်ငံတို့မှာလည်း တောမီးလောင်ကျွမ်းခဲ့ပါတယ်။
ဥရောပအာကာသအေဂျင်စီ အကြီးအကဲက ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
လူသားတွေကြောင့် ဖြစ်လာရတဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးခေါင်တာနဲ့အတူ လာမယ့် ၂၈ နှစ်အတွင်း ပြင်းထန်တဲ့ တောမီးအရေအတွက် ၃၀ ရာခိုင်နှုန်း တိုးလာမယ်လို့ မျှော်လင့်ရကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်။