တောင်ကိုရီးယားသမ္မတက ဆမ်ဆောင်း ဒုဥက္ကဋ္ဌကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ အမျိုးသားစီးပွားရေး အကျပ်အတည်းကို ကျော်လွှားရာမှာ ကူညီဖို့ ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒုဥက္ကဋ္ဌ ဂျေဝိုင်လီကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း တရားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
“နိုင်ငံတော်ရဲ့ စီးပွားရေးအကျပ်အတည်းကို ကျော်လွှားဖို့က အရေးတကြီး လိုအပ်နေမှုနဲ့အတူ တက်ကြွတဲ့ နည်းပညာ ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင် ဖန်တီးမှုကနေတဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်ကို ဦးဆောင်နိုင်မယ့် စီးပွားရေးခေါင်းဆောင်တွေကို ခွင့်လွှတ်ပေးဖို့ ဂရုတစိုက် ရွေးချယ်ခဲ့ပါတယ်” လို့ တရားရေးဝန်ကြီး ဟန်ဒုံဟွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“သူတို့ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တခါပြန်ပါဝင်စေဖို့ အခွင့်အလမ်း ပေးခြင်းအားဖြင့် စီးပွားရေးအကျပ်အတည်းကို ကျော်လွှားဖို့ လုပ်ဆောင်နေတဲ့ ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အတတ်နိုင်ဆုံး မြှင့်တင်လိုပါကြောင်း” လည်း သူက ဆိုပါတယ်။
ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းနဲ့ Memory-chip ထုတ်လုပ်သူအဖြစ် ဦးဆောင်နေတဲ့ လီရဲ့ ရာထူးသက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင် ၁၈ လ ကျခံပြီးနောက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့တာဟာ ကြီးကျယ်တဲ့ အထင်ကရကိစ္စ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လီဟာ စီးပွားရေးလုပ်ငန်းတွေကို ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ဆမ်ဆောင်းရဲ့ ကြီးမားတဲ့ လှုပ်ရှားမှုတွေကို ညွှန်ကြားပေးနိုင်တော့မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် Lotte အုပ်စုရဲ့ ဥက္ကဋ္ဌ ရှင်းဒုံဘင်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။