အမေရိကန်၏နာမည်ပျက်စာရင်းသွင်းခံရသူ ပါရာဂွေးဒုသမ္မတ ရာထူးမှ နုတ်ထွက်မည်

ပါရာဂွေးဒုသမ္မတ ဟူးဂိုးဗေလာကွက်ဇ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း ရုပ်သိမ်းသွားမယ်လို့ သြဂုတ် ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှု လုပ်ရပ်တွေအတွက် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းသွင်းခံထားရပြီး ဗေလာကွက်ဇ်ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ကာ ပါတီကို ကာကွယ်ဖို့အတွက် လာမယ့်အပတ် နုတ်ထွက်စာတင်မယ်လို့ ပြောပါတယ်။
အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗေလာကွက်ဇ်ဟာ အဂတိလိုက်စားမှု သိသိသာသာ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်ကြောင်း စွပ်စွဲခဲ့တာပါ။
ဗေလာကွက်ဇ်ရဲ့တွဲဖက် ဟွမ်န်ကားလို့စ်ဒွါတေးဟာ ဒုသမ္မတနဲ့ သူ့ရဲ့ဘဏ္ဍာရေး အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေတဲ့ စုံစမ််စစ်ဆေးမှုကို တားဆီးဖို့ ပါရာဂွေး အစိုးရအရာရှိ တဦးကို လာဘ်ထိုးဖို့ ကမ်းလှမ်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်းကင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကမ်းလှမ်းထားတဲ့ လာဘ်ထိုးမှုဟာ ကန်ဒေါ်လာ ၁ သန်းကျော်ရှိကြောင်း ပါရာဂွေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Marc Ostfield က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို တုံ့ပြန်တဲ့အနေနဲ့ ပါရာဂွေးသမ္မတ မာရီယို အက်ဘ်ဒိုက ဒုသမ္မတလောင်းအဖြစ် ဆက်ယှဉ်ပြိုင်နေမှာကို လက်မခံနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာနဟာ ဇူလိုင်လတုန်းကလည်း ပါရာဂွေးသမ္မတဟောင်း Horacio Cartes ကို သိသာထင်ရှားတဲ့ အဂတိလိုက်စားမှု နဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ဟန့်တားခြင်းတွေအတွက် စွပ်စွဲခဲ့ပါတယ်။
သူကတော့ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိ၊ တရားမျှတမှုမရှိ ဆိုပြီး အဲဒီအချိန်က ပယ်ချခဲ့ပါတယ်။