close

မက္ကဆီကိုနိုင်ငံ အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ၁၁ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံမှာ အကျဉ်းထောင်အတွင်း ပြိုင်ဘက်ဂိုဏ်း ၂ ခုရဲ့ အဓိကရုဏ်းမှာ ပစ်ခတ်မှုတွေလဲ ရှိခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက်မှာ  သြဂုတ် ၁၂ ရက်မှာ ရာနဲ့ချီတဲ့ မက္ကဆီကိုစစ်သားတွေကို နယ်စပ်မြို့ ဆီအူဒါ့ထ်-ဟွာရက်ဇ်ကို စေလွှတ်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းမှာ အကျဉ်းထောင်ထဲမှာ အရင်က ဟွာကင်းန်-အလ်ချာပို-ဂုဇ်မန်း ဦးဆောင်ခဲ့တဲ့ လော့စ်ချားပိုစ်အဖွဲ့နဲ့ ဒေသခံအဖွဲ့  လော့စ်-မဟိကလယ်စ် ရဲ့ ဂိုဏ်းသားတွေ အချင်းချင်း ထောင်တွင်း ထိပ်တိုက်တွေ့ဆုံမှုကနေ အဓိကရုဏ်းထိ ဖြစ်သွားခဲ့ပြီး ပစ်ခတ်မှုမှာ ၂ ဦးသေဆုံးကာ ၄ ဦး ကျည်ဆန်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ 

အဲဒီတိုက်ပွဲမှာ နောက်ထပ် ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ရခြင်းအကြောင်းကိုတော့ တာဝန်ရှိသူတွေက ပြောကြားခြင်းမရှိပါဘူး။

သြဂုတ် ၁၂ ရက်နေ့လယ်ပိုင်းမှာ တပ်ဖွဲ့ဝင် ၃၀၀ လောက် မြို့ထဲကို ရောက်ရှိခဲ့ပြီး နောက်ထပ် ၃၀၀ လောက် လိုက်ပါလာမယ်လို့ မျှော်လင့်ရပါတယ်။ 

အာဏာပိုင်တွေရဲ့အဆိုအရ ထောင်တွင်းအဓိကရုဏ်းတွေအပြီးမှာ  မဟိကလယ်စ်ဂိုဏ်းက မြို့တွင်းမှာ သောင်းကျန်းခဲ့ပြီး အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ 

အဲဒီထဲမှာ ရေဒီယိုကြေညာသူ တယောက် အပါအဝင် ရေဒီယိုမက်ဂါဌာနမှ ဝန်ထမ်း ၄ ဦး ပါဝင်ခဲ့ပါတယ်။ 

မြို့တွင်းရှိ ကုန်စုံဆိုင်တွေကို ပစ်ခတ် မီးရှို့ခံခဲ့ရပါတယ်။ 

အော့ခ်စ်-ဆို Oxxo စတိုးဆိုင်တွေရဲ့ မိခင်ကုမ္ပဏီ FEMSA က သူတို့ရဲ့ဝန်ထမ်းတဦးနဲ့ အဲဒီမှာ အလုပ်လာ လျှောက်သူ အမျိုးသမီးတစ်ဦးတို့ အကြမ်းဖက်မှုထဲမှာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

မက္ကဆီကိုအလယ်ပိုင်းမှာ မူးယစ်ဂိုဏ်းတွေနဲ့ စစ်တပ်အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက်မှာ သြဂုတ် ၁၁ ရက်က တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တက္ကစီတွေ၊ ဘတ်စ်ကားတွေနဲ့ Oxxo စတိုးဆိုင် ၂၀ လောက် မီးလောင်ကျွမ်းသွားပါတယ်။ 

သြဂုတ် ၁၂ ရက်မနက် ၁ နာရီလောက်မှာတော့ နယ်မြေခံရဲတပ်ဖွဲ့ဟာ မဟိကလယ်စ် ဂိုဏ်းသား သံသယရှိသူ ၆ ယောက်ကို စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တို့ရဲ့အကူအညီနဲ့ ဖမ်းဆီးခဲ့ပါတယ်။

//
Up