ရွှေပြည်သာမြို့နယ်အတွင်း ရာအိမ်မှူးလင်မယား ပစ်ခတ်ခံရပြီး ရာအိမ်မှူးအမျိုးသမီး သေဆုံး

ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာတဲ့ ရာအိမ်မှူး လင်မယား သေနတ်နဲ့ ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေလယ် ၁ နာရီက ရာအိမ်မှူး ဒေါ်ယဉ်ယဉ်အေးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ အမှတ် ၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ပြန်လာချိန် တပင်ရွှေထီးလမ်းက ဇောတိကပန်းခြံအရောက် သေနတ်နဲ့ ပစ်ခံရတာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"အမက ၁၉ ကျောင်းနားမှာ ပစ်တာ။ ဒေါ်ယဥ်ယဉ်အေးက ပွဲချင်းပြီးပဲ။ သူယောက်ကျ်ားက ရှပ်ထိသွားတယ်။ လူနာတင်ယာဥ်နဲ့ သယ်သွားပြီ"
ရာအိမ်မှူး လင်မယားကို ဆိုင်ကယ်စီးလာသူ လူငယ် ၂ ယောက်က သေနတ်နဲ့ ပစ်ခဲ့တာဖြစ်ပြီး ဒေါ်ယဥ်ယဥ်အေးမှာ ကျည်ထိမှန် ဒဏ်ရာ သုံးချက်နဲ့ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ လက်မောင်းကို ရှပ်ထိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တဦးက ပြောပါတယ်။
လတ်တလောမှာ ရွှေပြည်သာမြို့နယ်က လမ်းဆုံတွေမှာ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်တွေက စစ်ဆေးနေသလို လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကိုလည်း ရဲတွေက စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
မနေ့ကလည်း အင်းစိန် နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ပစ်ခတ်မှုဖြစ်ပြီး အရန်မီးသတ်တပ်ခွဲမှူးနဲ့ ဒုဦးစီးမှူး သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
အလားတူ သြဂုတ် ၁၁ ရက်ညပိုင်းကလည်း ရွှေပြည်သာမြို့နယ်က အမှတ် ၇ ရပ်ကွက် နဲ့ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။