close

ကမ်းဖြူအရှေ့ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ကမ်းဖြူအရှေ့ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း ဩဂုတ် ၁၄ ရက် မနက် ၁၀ နာရီခွဲကျော်က ဒရုန်း သုံးပြီး ဗုံးချ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်စွဲနေတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ အင်အား ၅၀ လောက်ရှိပြီး ဒေသခံတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး တအိမ်တယောက် မထိုးမနေရဆိုပြီး ဆေးထိုးပေးနေတဲ့ အဖွဲ့လည်း ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က ရွာသားတွေကို  ဖမ်းပြီး ကိုဗစ်ဆေး ထိုးနေတဲ့ ကောင်တွေ။ ဆေး မထိုးရင် ရိုက်တယ်၊ နှိပ်စက်တယ်။ အခု သူများ နှိပ်စက်လို့ သူတို့လည်း ဗုံးချပြီး အတိုက်ခံရတယ်။ 'အုန်း'ဆိုတဲ့ အသံကြီးတော့ အကျယ်ကြီး ကြားလိုက်တယ်။ အဲဒီလို ကြားပြီး စစ်သားတွေ ဆဲဆိုတဲ့ အသံတွေ ကြားရတယ်။ ဘယ်ကောင်တွေ သေသလဲတော့ သွားမကြည့်ရဲတော့ အတိကျ မသိဘူး။ ဗုံးချ တိုက်ခိုက်ခံရ‌တာတော့ သေချာတယ်”

အခုလို ဒရုန်းသုံးပြီး ဗုံးချ တိုက်ခိုက်ခဲ့တာကို Zero ပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)၊ Zero power စစ်ကိုင်းတော်လှန်ရေးအဖွဲ၊ Dangerအဖွဲ့၊ ပတ္တမြားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့တွေရဲ့ ဒေသခံခေါင်းဆောင်တွေဆီက သိရပါတယ်။

Zeroပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “စစ်သားတွေ ၁၂ ယောက်စုပြီး လုံခြုံရေး လုပ်နေတဲ့ နေရာကို ဒရုန်းနဲ့ ဗုံးချခဲ့တာ။ ၅ ယောက် သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဟာ ဒေသခံတွေအပေါ်  ဆဲရေး တိုင်းထွာပြီး လာသမျှ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

//
Up