ထိုင်းမြောက်ပိုင်း နယ်စပ်ဒေသများတွင် ရေကြီး ရေလျှံ

ထိုင်း-မြန်မာနယ်စပ်မှာ ဆည်ကျိုးအပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ သြဂုတ် ၁၃ ရက်က ရေကြီး ရေလျှံခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
ထိုင်းမြောက်ပိုင်း မယ်ဆိုင်ခရိုင်တဝိုက်က အိမ်တွေထဲမှာ သောင်တင်နေတဲ့ ရေဘေးဒုက္ခသည်တွေအတွက် အစားအစာဖြန့်ဝေဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ရေမြုပ်နေတဲ့ လမ်းတွေပေါ်မှာ သွားလာနေကြတာကို ထိုင်းရုပ်သံလိုင်း TPBS က ရုပ်သံ ရိုက်ကူး ထုတ်လွှင့် ခဲ့ပါတယ်။
မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့မှာလည်း ရေကြီးရေလျှံခဲ့ပေမယ့် အသေအပျောက်သတင်းတွေ မရှိပါဘူး။
အပူပိုင်းမုန်တိုင်း မူလန် ဖြတ်သန်းတိုက်ခတ်လို့ မိုးသည်းထန်ရွာသွန်းခဲ့တဲ့အတွက် ထိုင်း-မြန်မာနယ်စပ်က ဆည်ကြီး ရေလျှံခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
သက်ဆိုင်ရာက ဆည်ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ညဘက်မှာ ရေတွေ ပြန်ကျလာပေမဲ့ ရေပြန်မတက်လာတာ သေချာအောင် ဒေသခံတွေက သတိထားစောင့်ကြည့်နေကြပါတယ်။
Photo-PEA Maesai