close

ထိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးနိုင်ဟု မိုးဇလ ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အတွင်း မိုးသည်းထန်ပြီး ရေကြီးမှုတွေ ရှိလာနိုင်တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ ဒီနေ့မနက် ၆ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်တရုတ်ပင်လယ်အထက်ပိုင်း လေဖိအားနည်းရပ်ဝန်းဟာ အတွင်းပိုင်းကို ရွေ့လျားပြီး ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ မုတ်သုံလေ ကျရောက်နေကြောင်း၊ အနောက်တောင်မုတ်သုံလေဟာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ အားကောင်းနေတာကြောင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း ဘန်ကောက်အနီးတဝိုက်၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပြီး တချို့နေရာမှာ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရေလမ်းကြောင်းနဲ့ နီးကပ်တဲ့ တောင်ခြေ၊ အေးစိမ့်ဒေသတွေမှာ ရုတ်တရက် ရေကြီးမှုတွေ၊ တောင်ကျရေတွေ ဆင်းလာနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင် အထက်ပိုင်းမှာ လှိုင်းအမြင့် ၂ မီတာခန့် မြင့်တက်လာနိုင်ပြီး ကပ္ပလီပင်လယ်ပြင်အောက်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ လှိုင်းအမြင့် ၁ မီတာမှ ၂ မီတာထိ တက်လာနိုင်လို့ ငါးဖမ်းလှေတွေ အထူးသတိထားဖို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက် ၆ နာရီမှ မနက်ဖြန်မနက် ၆ နာရီအတွင်း ထိုင်းမြောက်ပိုင်းမှာ မိုးရွာရန် ရာနှုန်း ၆၀၊ အရှေ့မြောက်ပိုင်းမှာ ၆၀ ရာနှုန်း၊ အလယ်ပိုင်းမှာ ၄၀ ရာနှုန်း၊ အရှေ့ပိုင်းမှာ ၆၀ ရာနှုန်း၊ တောင်ပိုင်းမှာ ရွာရန်ရာနှုန်း ၄၀ ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေးဌာနကလည်း မကြာခင်ရက်ပိုင်း တချို့နေရာမှာ မိုးထစ်ချုန်းရွာပြီး ရေကြီးနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ကာကွယ်ဖို့၊ သီးနှံစိုက်ခင်းတွေထဲ ရေမဝပ်အောင် ကြိုတင်ပြုလုပ်ပြီး ငါးမွေးမြူရေးကန်တွေ၊ တိရစ္ဆာန်မွေးမြူရေးခြံတွေလည်း ရေစီးရေလာကောင်းမွန်အောင် ပြင်ဆင်ဖို့ သတိပေးထားပါတယ်။

ကိုးကား - pptvhd36

//
Up