close

အီတလီတွင် အင်အားပြင်းမုန်တိုင်းတိုက်ခတ်ပြီး လူ ၂ ဦးသေဆုံး

အီတလီနိုင်ငံအလယ်ပိုင်းမှာ အပူချိန်ပြင်းထန်တဲ့ ရက်သတ္တပတ်တွေအပြီး သြဂုတ် ၁၈ ရက်က အင်အားပြင်း မုန်တိုင်း ဒေသအများအပြားကို တိုက်ခတ်သွားခဲ့တာကြောင့် လူနှစ်ယောက် သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် တာ့စ်ကင်နီမှာ မတူညီတဲ့နေရာတွေမှာ သီးခြားစီ သစ်ပင်ပိ သေဆုံးခဲ့ရပြီး လေးယောက်ကတော့ စခန်းချနေရာ တခုတည်းမှာ သစ်ပင်လဲကျမှုကြောင့် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံမြောက်ပိုင်းရှိ တချို့နေရာတွေမှာ လေပြင်းဟာ တနာရီကို ကီလိုမီတာ ၁၄၀ ကျော် တိုက်ခတ်ခဲ့ပြီး လစ်ဂူ့ရီယာနဲ့ တာ့စ်ကင်နီရှိ ကမ်းခြေအပန်းဖြေစခန်းတွေ ပျက်စီးခဲ့ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

မိုးပြင်းလေပြင်းတွေ တိုက်ခတ်ခဲ့တဲ့ ဖာရာ့ရာမြို့အနီးရှိ ဘွန်ဒေးနိုနယ်မြေမှာ လေပြင်းတိုက်ပြီးနောက် သစ်ပင်များစွာကို ခုတ်ထွင်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အီတလီ အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးယူနစ်ရဲ့ ပြောကြားချက်အရ ရာသီဥတု ဆိုးရွားရင် တောင်ပိုင်းကို မုန်တိုင်း ညတွင်းချင်း ဝင်ရောက်နိုင်ပြီး နိုင်ငံရဲ့ဒေသ ၂၀ ထဲက ၁၁ ခုအတွက် သတိပေးချက်တွေကို  သြဂုတ် ၁၉ ရက်နေ့အတွက် ထုတ်ပြန်ခဲ့ပါတယ်။

//
Up