close

ကပိုင်ရွာ၌ တပ်စွဲနေသည့် စစ်တပ်ကို PDF ဝင်တိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကပိုင်ရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ကို ဩဂုတ် ၂၀ ရက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကပိုင်ရွာခံတွေက ပြောပါတယ်။ 

မနေ့ မနက် ၁၁ နာရီလောက်က ကပိုင်ရွာက နေအိမ်တွေကို မီးရှို့နေချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ တိုက်ပွဲမှာပါတဲ့ PDF ရဲဘော် တဦးက ပြောပါတယ်။

“စစ်တပ်ဘက်က ထိခိုက်မှု ရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးဘူး။ PDF ပူးပေါင်းအဖွဲ့က ရဲဘော် ၁ ယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။”

ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်တပ်ထွက်သွားပြီအထင်နဲ့ တောထဲရှောင်တိမ်းရာက ကပိုင်ရွာဘက်ကို ပြန်လာတဲ့ ဒေသခံ ၃ ယောက်  ကင်းပုန်းဝပ်စစ်တပ်နဲ့ တွေ့ပြီး  ပစ်သတ်ခံခဲ့ရပါတယ်။ 

လက်ရှိ စစ်တပ်ဟာ ကပိုင်ရွာက ထွက်ခွာသွားခဲ့ပြီး သလောက်ကျေးရွာနား ရောက်ရှိနေတာ ကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဧပြီ ၂၀ ရက်က ယင်းမာပင်မြို့နယ် ကပိုင်နဲ့ သီးကုန်းကျေးရွာနားမှာ  စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်  ဒေသခံ ၈ ယောက် ထက်မနည်းသေးဆုံးကာ တချို့ ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ် ၁၈ ရက်ကနေ ဒီနေ့ထိ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀၀ လောက် ဆုံးရှုံးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြိုနယ်ထဲ စစ်ဆင်ရေးဝင်နေတဲ့ စစ်ကြောင်းတွေဟာ ကာကွယ်ရေးအဖွဲ့တွေ ရှိမယ်လို့ ယူဆရတဲ့ ရွာတွေကို ဝင်ရောက် စစ်ကြောင်းထိုးနေသလို အဲဒီရွာက နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

//
Up