close

ဖောင်းပြင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲ့များကို PDF က မိုင်းဆွဲတိုက်ခိုက်

ဓာတ်ပုံ-ဖောင်းပြင်မြို့နယ်ရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ပြီး ပြန်လာသည့် PDF နှင့် ပကဖ ရဲဘော်များကို ကြိုဆိုနေစဉ်

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် ကျေးရွာတရွာမှာ စခန်းချဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေကို  ဩဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် PDF အဖွဲ့က ထုတ်ပြန်ပြောပါတယ်။

ဖောင်ပြင်မြို့နယ်ရှိ ဆိတ်ဆားဘုန်းကြီးကျောင်းနဲ့ ဟာပါဘုန်းကြီးကျောင်းတို့မှာ စစ်ကောင်စီတပ်သားတွေ၊ လက်ပါးစေသင်တန်းဆင်းပျူစောထီးတွေနဲ့ SNA ရှမ်းနီ တပ်သားတွေ လာရောက် အခြေပြုစခန်းထိုင်မယ်လို့ သတင်းရတဲ့အတွက် ဩဂုတ် ၁၉ ရက် မနက်ပိုင်းက စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖောင်းပြင် PDF ကဆိုပါတယ်။

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားတပ်စုက တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ ကင်းချထားစဉ် မနက် ၉ နာရီခွဲလောက်မှာ ဖောင်းပြင်ဘက်ကနေ Dump ကား သုံးစီးနဲ့ ၁၀ ဘီးကား တစီး၊ လွင်ကြီးရွာဘက်က ကားကြီး တစီးတို့ စစ်ကောင်စီတပ်သားတွေနဲ့ အတူ၊ ပျူစောထီးတွေ၊ SNA တပ်သားတွေ ခန့်မှန်းအင်အား ၁၀၀ ကျော်စခန်းထိုင်ဖို့ ရောက်လာတဲ့ အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့   PDF အဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

“ဖောင်းပြင်ဘက်ကလာတဲ့ကား လေးစီးမှာ သုံးစီးက စာသင်ကျောင်းဝင်းထဲကို တောက် လျှောက်မောင်းဝင်ခဲ့ကြတယ်။ ကျောင်းဝင်းထဲကို ရောက်တာနဲ့တပြိုင်တည်း PDF ကင်းသမား တွေက ဆီးကြိုမိုင်းဆွဲလိုက်တာ ကားသုံးစီးစလုံးမိုင်းထိသွားခဲ့တယ်။ မိုင်းထိတဲ့သူတွေကို လွင်ကြီးဘက် ထော်လာဂျီ သုံးစီးနဲ့ တင်သွားကြတယ်။ ပျူနဲ့ SNA အဖွဲ့တွေရဲ့ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေဖြစ်နိုင်တယ်။ ဖောင်းပြင်ဘက်ကို လူနာတင်ကား နှစ်စီးနဲ့ သယ်ဆောင်သွားတာက စစ်ကောင်စီတပ်သားဒဏ်ရာရသူတွေနဲ့ အလောင်းတွေဖြစ်နိုင်တယ်။”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေ ထိခိုက်ကျဆုံးစာရင်းကို တော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဖောင်းပြင် PDF ရဲဘော်တွေကတော့ မိုင်းဆွဲတိုက်ခိုက်ပြီး ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်လက်အောက်ခံ ၊ ပျူစောထီးနဲ့ SNA တပ်သားတွေဟာ ဆိတ်ဆားရွာနဲ့ ရွာမရွာက နေအိမ်တွေကို  ဩဂုတ် ၁၉ ရက်  ညနေ ၃ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ဖောင်းပြင် PDF အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

//
Up