ချင်းရိုင်းခရိုင်တွင် စိတ်ကြွဆေးပြား ၆ သန်းကျော်ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ကျိန်းခေါင်မြို့နယ်ထဲမှာ မနေ့မနက်က စိတ်ကြွဆေးပြား ၆ သန်းနဲ့ ၄ သိန်း ဖမ်းဆီးရမိတယ်လို့ မူးယစ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၂၁ ရက် မနက်က ကျိန်းဆဲန် - ကျိန်းခေါင်သွားလမ်းမကြီး ဘန့်ဖိန်းရွာအပိုင်းရှိ စစ်ဆေးရေးဂိတ်မှာ တာဝန်ယူစဉ် မနက် ၄ နာရီလောက်မှာ အဖြူရောင်ဖို့ဒ်ကားတစီး ကျိန်းခေါင်ဘက်ကို ဦးတည်မောင်းနှင်လာတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဆိုပါကားကို စစ်ဆေးရန်တားဆီးလိုက်ပေမယ့် ကားကရပ်မပေးဘဲ အရှိန် မြှင့်မောင်းထွက်သွားလို့ တာဝန်ရှိသူတွေက အနောက်ကနေ လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ တနေရာ ရောက်တော့ ကားသမားက ကားကိုရပ်ပြီး မှောင်ရိပ်ခိုထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ထားတဲ့ကားပေါ်ကို စစ်ဆေးရာမှာတော့ အစိမ်းရောင်မြွေရေခွံအိတ် ၃၂ လုံးကိုတွေ့ရှိကြောင်း၊ အထဲမှာ စိတ်ကြွဆေးပြား အစည်းလိုက်ထည့်ထားပြီး စုစုပေါင်း စိတ်ကြွဆေး ၆ သန်း ၄ သိန်း ခန့်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတခေါက်ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး သွင်ပြင်လက္ခဏာဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က ကျိန်းဆဲန်မြို့နယ်ထဲမှာ ပိုင်ရှင်မဲ့အဖြစ်ဖမ်းမိတဲ့ စိတ်ကြွဆေး ၄ သန်းပါ အိတ်ပေါင်း ၂၀ နဲ့ အတူတူမို့ တဖွဲ့တည်းပိုင်လို့ ယူဆကြောင်း တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။