ကနီမြို့နယ်ကို စစ်ကြောင်း ၂ ကြောင်းဖြင့် နယ်မြေရှင်းလင်းနေသဖြင့် ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲက ကနီမြို့နယ်အတွင်း ဩဂုတ် ၂၂ ရက် မနက်ပိုင်းကစပြီး စစ်ကြောင်း ၂ ကြောင်းနဲ့ စတင်ထိုးစစ်ဆင် နယ်မြေရှင်းလင်းနေပြီလို့ ကနီဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတွေဟာ ကနီမြို့နယ် တောင်းပိုင်းက တကြောင်း၊မြောက်ပိုင်းက တကြောင်း ဝင်လာတာဖြစ်လို့ ဒေသခံတွေအနေနဲ့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှာ စိုးရိမ်နေကြသလို လတ်တလော နေရပ်တွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပြီလို့ သိရပါတယ်။
ဒေသခံရွာသားတဦးက “စစ်ကြောင်းက အထက်ကင်းရွာကို လေယာဉ်နဲ့လာချတဲ့ စစ်ကြောင်းပဲ။ ပဲခင်းရွာကနေ မြွေပိုင်းတောင်ဘက် စစ်ကြောင်းထိုးနေတယ်။ ကျနော်တို့ခန်မှန်းတာက မြစ်ရိုး တလျှောက် သွားမယ် ထင်တယ်” လို့ ပြောပါတယ်။
အခု စစ်တပ် စပြီး စစ်ကြောင်းထိုးတဲ့ မြွေပိုင်းတောင်ဟာ ချင်းတွင်းမြစ်ကြောင်းတလျောက်က တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်တဲ့ နေရာဖြစ်တာကြောင့် အခုလို ရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ဩဂုတ် ၂၁ ရက် ညနေ ၄ နာရီလောက်ကလည်း ကနီမြိုရဲ့အထက်ဘက် ချင်းတွင်းမြစ်ဘေးက ပဲခင်းရွာနားမှာ ကင်းရွာကဆင်းလာတဲ့ စစ်တပ်နဲ့ မြွေပိုင်းတောင်ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ကင်းအနောက်ရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လတ်တလောမှာ စစ်တပ်က ရွာထဲ ဝင်ရောက် တပ်စွဲနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မြွေပိုင်းတောင်အဖွဲ့တာဝန်ရှိသူ ကိုရုက္ခစိုးက “စစ်နည်းဗျူဟာအရ ကင်းရွာကနေ မြောက်ဘက် မိချောင်းတွင်းဘက်ကို မနေ့က အထွက်ပြ တယ်ဗျ။ အဲဒီရွာမှာ တညတပ်စွဲပြီး ဒီနေ့ ကင်းရွာရဲ့တောက်ဘက်ကို ပြန်ခေါက်လာတယ်။ အဲဒီမှာ ကျနော်တို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ကောင်စီဘက်က ၂ ယေက်ကျတယ်။ ကျနော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး”လို့ ဆိုပါတယ်။
မြွေပိုင်းတောင်အဖွဲ့အနေနဲ့ လက်နက် မရှိခဲ့လို့ လုံလောက်တဲ့ ခုခံမှု မလုပ်နိုင်တာကြောင့် မြို့နယ် ပကဖ တပ်ရင်းက လက်နက်ပြည့်စုံသူတွေ လာကူပေးဖို့ ကိုရုက္ခစိုးက ဖိတ်ခေါ် လိုက်ပါတယ်။
အင်ပေါ်ဒေသခံ တဦးက “နောက်တကြောင်းက ရင်ပေါင်တိုင်ရွာကနေ ယင်းမာပင်မြို့နယ်က ပိုင်ရွာ၊ က/သီးကုန်းရွာဘက်က တဆင့် အင်းပေါ်ဘက်ကနေ ယာကြီးကျေးရွာဘက် ဦးတည် နေတယ်။ သူတို့လာမယ့် လမ်းမှာ ရွာတွေနဲ့ တောင်ယာတောထဲ တဲထိုးပြီး လုပ်ငန်း လုပ်နေတဲ့ တောင်သူတွေလည်း ရှိတယ်။ သူတို့လည်း ကြိုတင်ထွက်ပြေး နေကြရပြီ။ စစ်ဘေးရှောင် ထောင်ဂဏန်း လောက် ရှိမယ်”လို့ ပြောပါတယ်။
ဇူလိုင်ထဲမှာလည်း စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ကနီမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။