တောင်ကိုရီးယားတွင် အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်

တောင်ကိုရီးယားနိုင်ငံဟာ နှစ်စဉ်ကျင်းပမြဲ အူလ်ချီ အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် သြဂုတ် ၂၄ ရက်က ဆိုးလ်မြို့ မြေအောက်ရထားဌာနချုပ်မှာ ဓာတုနဲ့ ဒရုန်းတိုက်ခိုက်မှုကို ပုံဖော်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
အထူးစစ်ဆင်ရေးကွပ်ကဲမှု (SOCOM)၊ ဓာတု၊ ဇီဝနဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ ကာကွယ်ရေးကွပ်ကဲမှုအဖွဲ့ (CBRPC)၊ အထူးရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာန အပါအဝင် အဖွဲ့အစည်း ၁၂ ခုက ဝန်ထမ်း ၂၃၀ လောက် ပါဝင်လေ့ကျင့်ခဲ့ကြောင်း ဆိုးလ်မက်ထရိုက ပြောကြားခဲ့ပါတယ်။
တနေ့ကို လူပေါင်း ၇ သန်းခွဲလောက် ပို့ဆောင်ပေးနေတဲ့ ဆိုးလ်မြို့ မက်ထရိုဌာနချုပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ အူလ်ချီ အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း ဆိုးလ်မက်ထရိုရှိ ဘေးကင်းရေး စီမံခန့်ခွဲမှု အကြီးအကဲ ဆင်းမ်ဂျယ်ချန်းက ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို အစိုးရ၊ စစ်တပ်၊ ပြည်သူတွေနဲ့အတူ ဆက်လုပ်သွားမှာဖြစ်ပြီး တကယ့်အခြေအနေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေးတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားနိုင်မယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ ရဲတွေဟာ အောက်ကိုတွယ်ဆင်းပြီး အဆောက်အအုံကို ဖောက်ထွင်းဝင်ရောက်ကာ တိုက်ခိုက်သူတွေဆီကနေ လူတွေကို ကယ်ဆယ်တာတွေ လေ့ကျင့်လုပ်ဆောင်ခဲ့ပြီး တချိန်တည်းမှာပဲ ဖောက်ခွဲရေးပစ္စည်း ဖျက်ဆီးရေးအဖွဲ့ကလည်း ဓာတုဗေဒဗုံးတွေကို ဖယ်ရှားလေ့ကျင့်ခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက်ကနေ ၂၅ ရက်အထိ လုပ်ဆောင်မယ့် အူလ်ချီ အရပ်ဘက်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ မကြာသေးမီက ဒုံးကျည်ခြိမ်းခြောက်မှုတွေ အကြားမှာ နိုင်ငံရဲ့အကျပ်အတည်း စီမံခန့်ခွဲမှုနဲ့ အရေးပေါ်ပြင်ဆင်မှုတွေကို စစ်ဆေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြီးကတည်းက ပထမဆုံး နိုင်ငံလုံးဆိုင်ရာ အစိုးရလေ့ကျင့်မှုလည်း ဖြစ်ကြောင်း ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနမှ သိရပါတယ်။