အင်းတော်ဆေးရုံတွင် တက်ရောက်ကုသနေသူ ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ငှက်ဖျားရောဂါကြောင့် ဆေးရုံတက် ဆေးဝါးကုသမှုခံယူနေတဲ့ အမျိုးသားတယောက်၊ ဆေးရုံစောင့် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို PDF လို့ စွပ်စွဲကာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါဖမ်းဆီးမှုကို စစ်ကောင်စီဝါဒဖြန့် Fifty Two News အွန်လိုင်းမီဒီယာက PDF လို့စွပ်စွဲကာ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပြီး အခုလို ရေးသားထားတာ မဟုတ်မှန်ကြောင်း Indaw Revolution-IR အဖွဲ့က ဒီနေ့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“အင်းတော် ပြည်သူ့ဆေးရုံဟာ ပြည်သူ့ဆေးရုံလို့ နာမည်တပ်ပြီး ဆေးရုံလာတက်တဲ့ လူနာတွေရဲ့ အချက်အလက်တွေ စစ်ကောင်စီကို သတင်းပေးပို့နေတယ်လို့ သိရပါတယ်။ စစ်သားနဲ့ ရဲတွေက မသင်္ကာတဲ့ လူနာတွေကို ဆေးရုံထဲလာပြီး အတင်းအဓမ္မ ဖမ်းဆီး ချုပ်နှောင် ရိုက်နှက်တာတွေရှိတယ်။ အပြစ်မဲ့ပြည်သူတွေကို PDF လို့စွပ်စွဲပြီး လူနာတွေရဲ့ သတင်းအချက်အလက်တွေ ပေးပို့နေတဲ့အတွက် လူ့အခွင့်အရေးတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတဲ့ အင်းတော်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်နဲ့ ဝန်ထမ်းတွေအားလုံး အပြည့်အဝ တာဝန်ယူရလိမ့်မယ်” လို့ စစ်ဆင်ရေးအထူးဒေသ ၁ စစ်မြေပြင် KPDF တပ်ရင်း ၆ ကိုယ်စား တပ်ခွဲမှူးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ Fifty Two News အွန်လိုင်းမီဒီယာကနေ စစ်ကောင်စီဘက်က ဖမ်းဆီးရရှိသူတွေကို PDF နဲ့ ပတ်သက်သူ၊ PDF လို့ စွပ်စွဲဖမ်းဆီးတဲ့ သတင်းတွေကို အွန်လိုင်းစာမျက်နှာပေါ်မှာ အစဉ်တစိုက် ရေးသားဖြန့်ဝေနေတဲ့ သတင်းစာမျက်နှာတခု ဖြစ်ပါတယ်။