ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါကူးစက်မှု ကျဆင်းဟု WHO ပြော

အရင်တပတ်အတွင်း ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါကူးစက်မှု ၂၁ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က သြဂုတ် ၂၅ ရက်မှာ ပြောပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လမှာ ကြေညာထားတာဖြစ်ပြီး အခုအချိန်အထိ နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ရောဂါကူးစက်သူ ၄၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၂ ယောက် ရှိပါတယ်။
အရင်တပတ်က ရောဂါကူးစက်မှု ပြန်လည်ကျဆင်းသွားတာဟာ ဥရောပတခွင်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှု လျော့ကျသွားတော့မယ့်လက္ခဏာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
သြဂုတ် ၂၅ ရက် ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုက ဥရောပမှာ ရောဂါကူးစက်မှု နှေးကွေးသွားပြီး လူထုကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ အပြုအမူတွေ ပြောင်းလဲလိုက်တာနဲ့ ကာကွယ်ဆေးတို့ကြောင့် အခြေအနေ တိုးတက်လာတာလို့ ပြောသွားပါတယ်။